Home သတင်း ဖလူးဝေါလေ လမ်းပိုင်း ၃ ထပ်ကွေ့နေရာအား ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေ

ဖလူးဝေါလေ လမ်းပိုင်း ၃ ထပ်ကွေ့နေရာအား ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေ

774
Photo: Cobra Column

ဩဂုတ်လ ၂၃ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီ မြို့ တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်း ၃ တပ်ကွေ့ နေရာအား ယနေ့ သြဂုတ်လ ၂၃ရက် နံနက် ၁၀နာရီ ခန့်မှ စတင်ကာ စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၃စီးဖြင့် ဖျက်အားပြင်း ဗုံးများအတွဲလိုက် ကြဲချတိုက် ခိုက်နေကြောင်း သိရသည်။

“အခု ၁၀နာရီကျော်ပေါ့၊ တိုက်လေယာဉ် ၃စီး လာဝဲတယ် ပြီးတော့ ၃ထပ်ကွေ့ တောင်ကြောတစ်လျှောက် ကို အတွဲလိုက်ဗုံးတွေကြဲတယ်၊ လေယာဉ်ကနေလည်းပစ်တယ်၊ ထိုင်းဘက်ကနေလည်းကပ်ပြီးပတ်ဝဲပျံနေတာတွေ့ နေရတယ်။”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ထို့အပြင် ကော့ကရိတ်ဘက်တွင်လည်း ဂျက်တိုက်လေယာဉ်တစ်စီးဝဲပျံနေပြီး ဗုံးကြဲတိုက်ခိုက်မှုများ မလုပ်ဆောင်သေးကြောင်း သိရသည်။

အဆိုပါ ဖလူး-ဝေါလေလမ်းပိုင်းအား စစ်ကောင်စီတပ်မှ စစ်ဆင်ရေးအသွင်ဖြင့် လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်စစ်ကြောင်းများနှင့် အပြင်းအထန်တိုက်ခိုက်နေမှုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ များမှ တန်ပြန်တိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံးများသလို ယခုရက်ပိုင်းအတွင်း CDM (အာဏာဖီဆန်ရေး) ပြုလုပ် KNU ထံ ထွက်ပြေးခိုလှုံလာသူ၊ စစ်ကြောင်းစွန့်ခွာ ထွက်ပြေးနေသူ များပြားလာနေသည်ဟု သိရသည်။

ယခုစစ်ဆင်ရေးအစီအစဉ်ကို တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၇၇ တပ်မမှူးအဆင့်မှ အရှေ့တောင်တိုင်းတိုင်မှူးအဖြစ် အသစ်ခန့်အပ်ခံထားရသည့် ဗိုလ်ချုပ်မြတ်သက်ဦး အမိန့်ပေးကွပ်ကဲမှုဖြင့် တပ်မ ၃ ခုမှ စစ်ကြောင်း ၄ ကြောင်းအပြင် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များပါ အဆိုပါ လမ်းပိုင်းနေရာအား စစ်ဆင်တိုက်ခိုက်နေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။