Home သတင်း မိုးခေါင်၍ မိုးစပါးအတွက် ရေသွင်းစိုက်ပျိုးရာ၌ စပါးစိုက်တောင်သူများ ကုန်ကျစရိတ်များပြားနေ

မိုးခေါင်၍ မိုးစပါးအတွက် ရေသွင်းစိုက်ပျိုးရာ၌ စပါးစိုက်တောင်သူများ ကုန်ကျစရိတ်များပြားနေ

635

ဩဂုတ် ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် မိုးခေါင်သဖြင့် မိုးစပါးအတွက် ရေသွင်းစိုက် ပျိုးရာ၌ ကုန်ကျစရိတ်များပြားသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု လယ်တောင်သူများထံမှ သိရသည်။

မိုးစပါးစိုက်တောင်သူအများစုသည် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် မျိုးစေ့ကြဲ၊ ပျိုးနုတ်စပါးစိုက်ကြသည့် အချိန်ဖြစ်သော်လည်း ယခုနှစ်တွင် မိုးခေါင်ပြီး မိုးရေရရှိမှုနည်းနေသည့်အတွက် စပါးစိုက်ပျိုးရန်ခက်ခဲကာ အချို့မှာ ရေသွင်းပြီး စပါးစိုက်နေရသည့်အတွက် ကုန်ကျစရိတ်များပြားသည့် အခက်အခဲကြုံတွေ့နေရသည်ဟု လယ်စိုက်တောင်သူများက ပြောသည်။

ကော့ကရိတ်မြို့နယ် နဘူးကျေးနယ်မှာ လယ်တောင်သူ စောအောင်ပိုင်က “စပါးစိုက်ရမယ့်အချိန်ရောက်ပြီး လယ်ထဲမှာရေမရှိတော့ အခက်တွေ့တယ်။ မိုးရာသီက နွေရာသီလိုပဲ ရေမရှိဘူး။ အခု စက်နိုးပြီး လယ်ထဲကို ရေးသွင်းမှစပါးစိုက်လို့ရတယ်။ ရေသွင်းဖို့ကလည်း ဓာတ်ဆီတွေထပ်ကုန်တယ်။ ဆီတွေစျေးတက်တာနဲ့ အဆင် မပြေဘူး။ လူပင်ပန်းတယ်၊ ငွေလည်းပိုကုန်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လယ်တောင်သူများသည် စပါးစိုက်ပျိုးနိုင်ရန် လယ်ကွင်းထဲရေသွင်းရာတွင် တစ်ရက်လျှင် သုံးသောင်းကျော် ကုန်ကျပြီး ငွေကြေးတတ်နိုင်သည့် တောင်သူအချို့သည် ရေသွင်းယူပြီးစပါးစိုက်နိုင်သော်လည်း အချို့မှာ ငွေကြေး မတတ်နိုင်သည့်အတွက် စပါးဆက်လက်မစိုက်နိုင်ပျိုးတော့ဘဲ မိုးရွာသည့်အချိန်ကိုသာ စောင့်နေရကြောင်း လယ်တောင်သူများက ပြောသည်။

“ရေမရှိတော့ ပျိုးပင်တွေလည်း ပျိုးလို့မရဘူး။ စပါးစိုက်ဖို့ရေမရှိတော့ ဒီလိုပဲလယ်သမားတွေက မိုးအရွာကို စောင့်နေတယ်။ လယ်ထဲကိုရေသွင်းဖို့ကလည်း ရေသွယ်ရတာဝေးတယ်။ ပြီးတော့ ဓာတ်ဆီစျေးတွေ စျေးကြီးတော့ မတတ်နိုင်ဘူး။ ရေမရှိတော့ ပြန်စိုက်ရင် လယ်ကိုနောက်နှစ်ခေါက်၊ သုံးခေါက်ပြန်ထွန်ရအုံးမယ်၊ ပြန်ထွန်ပြီးမှ ပြန်စိုက်လို့ရတယ်။ လယ်တစ်ကွက်ကို တစ်ခေါက်ထွန်ရင် ဒီဇယ် ၁ ဂါလံကျော်ကုန်ပြီ။ ရေရတာ မမှန်တော့ ဒီနှစ်က စပါးကောင်းမှာ မဟုတ်ဘူး”ဟု ဖားအံမြို့နယ် ကော့ကူးရွာမှ လယ်စိုက်တောင်သူ စောဘိုးဘိုက ပြောသည်။

ထို့အပြင် ရေသွင်းပိုက်ကို လယ်ကွက်ပြောင်းရွှေ့ သွင်းပေးရသည့်အတွက် လယ်သမားများက နေ့ရော၊ ညပါ စောင့်ပေးရကြောင်း၊ အချို့စိုက်ပြီးသား စပါးပင်များလည်း ရေလုံလောက်စွာမရရှိသည့်အတွက် စပါးအပင်ကြီး ထွားမှုနှုန်းအားမကောင်းတော့ဘဲ အများအပြားပျက်စီးသွားကြောင်းလည်း စပါးစိုက်တောင်သူထံမှ သိရသည်။

ရာသီဥတုကြောင့် ယခုနှစ်တွင် စပါးစိုက်ရန်အခက်အခဲရှိသည့်အတွက် စပါးထွက်နှုန်းလျော့ကျနိုင်သလို စပါးစိုက် သည့် ကုန်ကျစရိတ်ပိုမိုများသည့်အပေါ် လာမည့်နှစ်တွင် ဆန်စျေးနှုန်းတက်နိုင်ကြောင်းလည်း တောင်သူများက ခန့်မှန်းပြောဆိုကြသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်မြို့တောင်ပိုင်းရှိ အချို့ကျေးရွာများတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် လယ်တောင်သူများသည် လယ်ကွင်းထဲရေသွင်းမှုများလုပ်ဆောင်၍ မအားတော့သလို မိုးလည်းမရွာသည့်အတွက် လယ်ကွင်းပြင်နှင့်စပါးခင်းကို ပစ်ထားရ၍ ပျက်စီးမှုများ ရှိလာကြောင်းလည်း လယ်တောင်သူများက ပြောသည်။

ကရင်ပြည်နယ် မြို့တွင်းနေထိုင်သူအများစုသည် အခြားဒေသမှ တင်သွင်းလာသည့် ဆန်များကို ဝယ်ယူစားသုံးကြ သော်လည်း ကျေးလက်နေဒေသခံအများစုမှာ ဒေသတွင်း ထွက်ရှိသည့် ဆန်များကိုသာ မှီခိုစားသုံးနေကြသည်ဟု သိရသည်။