Home သတင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ပြည်သူ ၃၀၀,၀၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

ကေအဲန်ယူ ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ပြည်သူ ၃၀၀,၀၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

693

ဩဂုတ် ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်(၆)ခုထဲရှိ စစ်ရှောင်ဦးရေ ၃၀၀,၀၀၀ (သုံးသိန်း)ကျော်သည် လက်ရှိအချိန်တွင် ထောက်ပံ့မှုအကူအညီများလိုအပ်နေကြောင်း ကေအဲန်ယူက ယနေ့ ဩဂုတ်လ ၁၆ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည့်အတွက် ပြည်သူလူထုမြောက်အများ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိကောက်ယူရရှိထားသည့် စစ်ရှောင် ဦးရေ (၃၅၆,၆၇၄)ဦးအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးလိုအပ်ချက်များရှိသည်ဟု ကေအဲန်ယူ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများအား ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် -KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- KNDO တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက်တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးရခြင်းရှိသည်။

ကေအဲန်ယူ၏ KNLA နှင့် KNDO တို့သည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသည့်အတွက် စစ်ရေးကုန်ကျစရိတ် လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေရသည်ဟု ကေအဲန်ယူက ပြောသည်။

ကေအဲန်ယူ၏ ထုတ်ပြန်ထားသည့် စာရင်းအရ စစ်ရှောင်အများဆုံးရှိသည့် မူတြော်ခရိုင်တွင် စစ်ရှောင်ဦးရေ (၉၆,၁၈၀)ဦး၊ သထုံခရိုင်တွင် (၉၄,၇၆၈)ဦး၊ ဒူးပလာယာခရိုင်တွင် (၉၀,၂၉၁)ဦး၊ ညောင်လေးပင်ခရိုင် (၆၁,၈၉၈)ဦး၊ တောင်ငူခရိုင်(၇,၅၃၇)ဦးနှင့် ဘိတ်-ထားဝယ်ခရိုင်(၆,၀၀၀)ဦးရှိသည်။

လက်ရှိအချိန်တွင် မိုးများနေသည့်အချိန်ဖြစ်သည့်အတွက် စစ်ရှောင်နေရသည့် လူထုများသည် အမိုးအကာလုံခြုံမှုမရှိသောကြောင့် ငှက်ဖျားရောဂါကူးစက်မှုလည်း ပိုများလာပြီး အချို့စစ်ရှောင်နေရာများတွင် လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် အစားသောက်ဆေးဝါးများပို့ဆောင်ပေးရသည့် အပိုင်းလည်း အခက်အခဲရှိသည်ဟု နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က ပြောသည်။

“စစ်ရှောင်တွေက တစ်နေရာရှိတာမဟုတ်ဘူး ရှိတာနေရာများတော့ လိုက်ကြည့်ရတာလည်းခက်ခဲတယ်။ ပြီးခဲ့တဲ့ ၂ လ၃ လကစပြီး ငှက်ဖျားပိုးတွေကများလာတော့ ကုသဖို့ပစ္စည်းပို့ပေးရတာလည်း ခက်တယ်။ ပို့ဖို့ လိုက်ဝယ်ရ တာလည်း ခက်တယ်။ နောက်ပြီး တချို့နေရာမှာလည်းအဲလိုပဲ အစားအသောက်ဝယ်ဖို့ခက်တယ်။ သယ်ဆောင်ရတာလည်းခက်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အချို့နေရာများတွင် စစ်ကောင်စီတပ်ဘက်မှ နယ်မြေအတွင်းဝင်ရောက်တပ်စွဲပြီး လမ်းတွင် စစ်ဆေးလုပ်ဆောင်မှုများသည့်အတွက် စစ်ရှောင်အတွက် ရိက္ခာပို့ပေးရာတွင် အခက်အခဲရှိသည်ဟုလည်း ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်ကူညီဆောင်ရွက်ပေးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ ရွာတွေမှာ စစ်တပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်တာရှိတုန်းပဲ။ အချို့စစ်ရှောင်တွေက ရွာမှာ ရိက္ခာပြန်ယူရတာရှိတယ်။ လမ်းမှာ အစစ်အဆေးရှိတော့ ပြန်လို့လည်း မရဲကြဘူး။ စစ်တပ်နဲ့တိုးရင်လည်းမ လွယ်ဘူးဆိုတော့ အခက်အခဲရှိတယ်။ ပြီးတော့ လမ်းမကြီးအတိုင်း ရိက္ခာသယ်ဖို့အဆင်မပြေတော့ တောလမ်းနဲ့ ရိက္ခာပြန်သယ်ရတာလည်းရှိတယ်။ တစ်ဝက်က ဆိုင်ကယ်နဲ့သွား တစ်ဝက်က လူအားနဲ့ ထမ်းယူရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု၂၀၂၂ခုနှစ် ဇန်နဝါရီလမှစတင်၍ ဇူလိုင်လအထိ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူ(၉၁)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၈၁)ဦးရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားခဲ့သည့် စာရင်းအရ သိရသည်။