Home သတင်း နိုင်ငံရေးပါတီများနှင့် နိုင်ငံခြားအဖွဲ့အစည်းများတွေ့ဆုံခွင့် UEC ဥပဒေကို KNDP ပါတီ လိုက်နာမည်

နိုင်ငံရေးပါတီများနှင့် နိုင်ငံခြားအဖွဲ့အစည်းများတွေ့ဆုံခွင့် UEC ဥပဒေကို KNDP ပါတီ လိုက်နာမည်

885

ဩဂုတ် ၁၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများနှင့် နိုင်ငံခြားအဖွဲ့အ စည်းများနှင့် တွေ့ဆုံခွင့်ဥပဒေကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP အနေဖြင့် လိုက်နာဆောင်ရွက်သွားမည် ဟု ပါတီဥက္ကဋ္ဌက ပြောသည်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဆိုလျှင် ကော်မရှင်သို့ ကြိုတင်ခွင့်ပြုချက်ရရှိပြီးမှ တွေ့ဆုံရမည်ဟု ပြီးခဲ့သည့် ဩဂုတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။

အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများ မြှင့် တက်လျက်ရှိပြီး ကရင်ပြည်နယ်အခြေစိုက် ကရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် (KNDP)ကမူ ၎င်းကော်မရှင်၏ထုတ် ပြန်ချက်ကို ဥပဒေအတိုင်း လိုက်နာသွားမည်ဟု ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောသည်။

“နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိခဲ့မယ်ဆိုရင်လည်း UEC ရဲ့ ညွန်ကြားချက်အတိုင်း ကြိုတင်စာတင် ပြီး UEC ရဲ့ ဆုံးဖြတ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်။ UEC ရဲ့ချမှတ်ထားတဲ့ ဥပဒေအတိုင်း ပါတီက လိုက်နာ သွားမယ်။ ပါတီရှင်သန်နိုင်ရေးအတွက် အဓိက ဦးတည်လုပ်ဆောင်သွားမယ်။”ဟု မန်းအောင်ပြည်စိုးက ပြောသည်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အခြားနိုင်ငံရေးပါတီများအနေဖြင့် လက်ခံနိုင် ခြင်းရှိမရှိမှာ ၎င်းတို့ပါတီများ၏ မူဝါဒများနှင့်သာ သက်ဆိုင်သဖြင့် အဆိုပါနိုင်ငံရေးပါတီများက လွတ်လပ်စွာရွေးချယ် ခွင့်ရှိပါကြောင်းနှင့် မိမိတို့ KNDP ပါတီအနေဖြင့် အခြားနိုင်ငံရေးပါတီများကို ဘာမျှ ထူးထူးထွေထွေ မပြောဆိုပါ ကြောင်း မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇(ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(စ)ပါ ပြဌာန်းချက်အရ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရသို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေသွယ်ဝိုက်ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်းကို ထိန်းသိမ်းလိုက်နာရန် တာဝန်ရှိပြီး မလိုက်နာပါက နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရမည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

နိုင်ငံရေးပါတီ ဖျက်သိမ်းခံရရေးနှင့် ရှင်သန်ရေးထက် အများပြည်သူများ၏ အကျိုးစီးပွား လုပ်ဆောင်နိုင်ရေးအတွက်က ပိုမိုအရေးကြီးပြီး အများပြည်သူ အကျိုးစီးပွားများကို မဖော်ဆောင်နိုင်သည့် နိုင်ငံရေးပါတီများသည် ပါတီရှင်သန်ရေးအ တွက်လုပ်နေမည့်အစား ဖျက်သိမ်းခြင်းက ပိုပြီးကောင်းသည်ဟု အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

“ပါတီရှင်သန်ဖို့က အဓိကလား၊ ပြည်သူတွေရဲ့ အကျိုးအတွက်က အဓိကလားဆိုတာတော့ အခုချိန်မှာ သူတို့သိဖို့ ကောင်းပါပြီး။ သူတို့ကိုယ်သူတို့လည်း သိနေကြပါတယ်လို့ ထင်ပါတယ်။ နိုင်ငံရေးပါတီတွေက များပြီးတော့ အခုချိန်မှာ ပြည်သူတွေကတော့ ထမင်းတောင် နှပ်မမှန်တော့ဘူးလေ”။ဟု ၎င်းမြို့ခံက ပြောသည်။

ဌာနေတိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများ ရှင်သန်နိုင်ရန် လိုအပ်ပြီး ထိုတိုင်းရင်းသားနိုင်ငံရေးပါတီလည်း မိမိတို့ တိုင်းရင်းသားအခွင့်အရေးနှင့် ပြည်သူအတွက် အမှန်တကယ် လုပ်ဆောင် နိုင်မည်ဆိုပါက ယင်းပါတီမှာ ရှင်သန်နိုင်မည်ဟု ဖားအံမြို့ခံ အခြားပြည်သူတစ်ဦးကလည်း ဆိုသည်။

သူက “ပါတီဖျက်သိမ်းမှ ပျက်သွားတာမှ မဟုတ်တာ။ ဖျက်သိမ်းမခံရရင်လည်း အလိုလိုနဲ့ သေဆုံးနေတဲ့ နိုင်ငံရေးပါတီ တွေ အများကြီးရှိပါတယ်။ အဓိကတော့ မိမိတို့ရဲ့ ဌာနေတိုင်းရင်းသားနဲ့ပြည်သူတွေရဲ့ အကျိုးတွေကို လုပ်ဆောင်နိုင်ဖို့ ယုံကြည်အားကိုးနိုင်တဲ့ တိုင်းရင်းသားပါတီတွေတော့ လိုအပ်ပါတယ်။”ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများကို နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ ဆုံခွင့်သည် နိုင်ငံရေးပါတီများအား ကန့်သတ်မှုတစ်ခုဖြစ်သလို ဥပဒေနှင့် ကိုက်ညီမှုမရှိဟု ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ အပါအဝင် အခြားနိုင်ငံရေးပါတီများလည်း ကန့်ကွက်ဝေဖန်မှုများ လည်း ရှိသည်။

အမည်မဖော်လိုသူ ကရင်နိုင်ငံရေးပါတီဝင်တစ်ဦးက “ဒါကြီးက တမင်သက်သက်ပဲ နိုင်ငံရေးပါတီတွေကို လှုပ်လို့မရအောင် လုပ်ထားတာ။ ကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို ထိန်းချုပ်ပြီးတော့ ကိုင်တွယ်ချင်တဲ့သဘောပဲ။ ဒါဆိုရင် နိုင်ငံရေးပါတီထောင်တာ ဘာလုပ်တော့မလဲ။”ဟု ကေအိုင်စီသို့ မှတ်ချက်ပေး ပြောဆိုသည်။

စစ်ကောင်စီပြန်လည်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ ကော်မရှင်အဆိုအရ ယခုအချိန်တွင် မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၂ပါတီရှိပြီး ၂၀၂၀ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ် ပေါ်လာရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများ၊ INGO အဖွဲ့များနှင့် CSO အဖွဲ့များက ဝင်ရောက်စွက်ဖက်မှုများရှိသည်ဟု စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။