Home သတင်း လေးကေကော် စစ်ရှောင် ၅,၀၀၀ ကျော်အတွက် စက်တင်ဘာလရိက္ခာ အရေးပေါ်လိုအပ်နေ

လေးကေကော် စစ်ရှောင် ၅,၀၀၀ ကျော်အတွက် စက်တင်ဘာလရိက္ခာ အရေးပေါ်လိုအပ်နေ

466

ဩဂုတ် ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲရှိ လေးကေ ကော်အပါအဝင် အနီးအနားဝန်းကျင်ရှိ စစ်ရှောင် စခန်းထဲတွင်နေသည့် စစ်ရှောင် ၅,၀၀၀ ကျော်အတွက် လာမည့်စက်တင်ဘာလရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

လေးကေကော်အပါအဝင် သေဘောဘိုး၊ ကျောက်ခက်စသည့် စစ်ရှောင်စခန်းများတွင် နေထိုင်သည့် စစ်ရှောင်များ အတွက် ဩဂုတ်လကုန်အထိသာ ရိက္ခာကျန်ရှိတော့သည်ဟု လေးကေကော်စခန်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဩဂုတ်လကုန်အထိပဲ ကျနော်တို့စားနပ်ရိက္ခာရှိတော့တယ်။ လာမယ့်စက်တင်ဘာလအတွက် ကျနော်တို့ ညှိနှိုင်းနေတယ် အဖွဲ့အစည်းတွေနဲ့။ CIDKP နဲ့လည်း တိုင်ပင်တယ်၊ ပြီးတော့ ဒီမှာရှိတဲ့ ကရင်လက်နက် ကိုင်အဖွဲ့ပြီးတော့ DKBA တို့ BGF တို့ကိုလည်း တင်ပြတယ်။ သူတို့ ဘယ်လို လမ်းကြောင်းရှာပေးမနိုင်မလဲပေါ့။ အခုလည်းလကုန်ပြီး၊ ၉ လပိုင်းကျရင် အခက်အခဲတွေ့နေရပြီး”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

လတ်တလော အကူအညီလိုအပ်သည့် စစ်ရှောင်များမှာ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းအတွင်း နေထိုင်သူများ သာဖြစ်ပြီး နီးစပ်ရာဆွေမျိုးနှင့်အသိမိတ်ဆွေနေအိမ်များတွင် သွားရောက်တိမ်းရှောင်ကြသူများ မပါဝင်သေးဘဲ ၎င်းစစ်ရှောင်များလည်း လက်ရှိအချိန်တွင် အကူအညီလိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဒေသရှိ စစ်ရှောင်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာများကို မြန်မာနိုင်ငံဘက်ခြမ်းတွင် အကန့်အ သတ်ဖြင့်သာ သယ်ဆောင်ခွင့်ရရှိခဲ့သလို ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း တားမြစ်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင် လာသောကြောင့် ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် ပို၍ခက်ခဲလာသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ကျောက်ခက်ရွာစစ်ရှောင်စခန်းရှိ အမျိုးသမီးတစ်ဦးက “ကျမတို့မှာ အကူအညီမလာတာကြာပြီး။ ဟိုတစ်ခါ တုန်းက ဆန်အိတ်တစ်ဝက်လာပေးတာရှိတယ် ကုန်တာကြာပြီး။ အခုဆိုင်မှာ တစ်ပြည်စ၊ နှစ်ပြည်စ ဆန်သွားဝယ်စားရတယ်။ ကျမတို့တော်တော်ကို ခက်ခဲတာ။ အခုက တစ်ခါတလေ ကာစီနိုရုံဆောက်လုပ်တဲ့ လုပ်ငန်းက အလုပ်လာခေါ်ရင်တော့ သွားလုပ်ရင်ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ပိုက်ဆံနဲ့ ဆန်၊ ဆီ၊ ဆား ပြန်ဝယ်စားရတယ်။ တချို့က စားဖို့အတွက် ဆွေမျိုးတွေဆီကို ချေးငှားရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားသည့် ဒေါနအရှေ့ခြမ်း တိုက်ပွဲကြောင့် လေးကေကော်ဒေသ အပါအဝင် ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ သေဘောဘိုး၊ ကလော့ထော်၊ စုကလိဒေသအထိ စုစု ပေါင်းကျေးရွာ ၂၀ကျော်မှ ဒေသခံ ၁၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုး ဆက်တိုက်လုပ်ဆောင်သည့်အပြင် လေကြောင်းဖြင့်လည်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသည့်အတွက်၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်အထိ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် (၉၀,၂၉၁)ဦး စာရင်းရရှိထားသည်ဟု ဩဂုတ်လ ၂၄ ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။