Home သတင်း ကော့ကရိတ်-ဇာသပြင်လမ်း၌ လုယက်မှုများရှိလာသဖြင့် ဒေသခံနှင့် ခရီးသွားပြည်သူ စိုးရိမ်မှုများလာ

ကော့ကရိတ်-ဇာသပြင်လမ်း၌ လုယက်မှုများရှိလာသဖြင့် ဒေသခံနှင့် ခရီးသွားပြည်သူ စိုးရိမ်မှုများလာ

1505
Photo: CJ

ဩဂုတ် ၃၀ ရက် ၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း လူအများအသုံးပြုလျက်ရှိသော ကျုံဒိုး-ဇာသပြင် ဆက်သွယ်ထားသောလမ်းတွင် ဓားပြတိုက်မှုနှင့် လုယက်မှုများ ဖြစ်ပွားလာသဖြင့် ဒေသခံများ စိုးရိမ်မှု မြှင့်တက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့က ဖားအံမှတဆင့် ကော့ကရိတ်-မြဝတီသို့ သွားရာလမ်းပိုင်းဖြစ်သော ဒေသအခေါ် ကျားကလေး-ဇာသပြင်လမ်းပိုင်းတွင် ဆိုင်ကယ်နှင့်ခရီးသွားသူတစ်ဦးကို ကားဖြင့်အုပ်စုဖွဲ့၍ အဆိုပါ ဆိုင်ကယ်စီးနင်းသူ၏ ကားလိုင်စင်၊ ဆိုင်ကယ်လိုင်စင် ၊ ကျပ်ငွေငါးသိန်းနှင့်ဖုန်းတစ်လုံးဓါးပြတိုက် ယူဆောင်သွားသည့်ဖြစ်စဉ်နှင့် အခြားလုယက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီးနောက် ယခုလို စိုးရိမ်မှုမြှင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံ အရပ်သားကားသမားတစ်ဦးက ယခုလို ပြောသည်။

၎င်းက ” ဒီလမ်းကို အသုံးပြုနေတာတော့ကြာပြီး။ အခုလိုမျိုးတော့တစ်ခါမှ မကြားဖူးဘူး။ ကျနော်ထင်တာတော့ စကစ အခုလိုအာဏာသိမ်းလိုက်မှပဲ ပြည်သူတွေငတ်ပြတ်ပြီး အခုလိုလုပ်ရပ်တွေ ဖြစ်လာတာထင်တယ်။ ဒီလထဲမှာပဲဖြစ်တာ သတင်းတွေလည်းကြားတယ်။ စိုးရိမ်တာပေါ့ ကားသမားအနေနဲ့ဆိုရင်တော့။ ဘယ်အချိန် ကိုယ့်ကားကိုတားပြီးတော့ဓားပြတိုက်မလဲဆိုတာကိုပဲကြောက်နေရတာ”ဟု ကေအိုင်စီသို့ပြောသည်၊၊

၎င်းဖြစ်ရပ်များကြောင့် ခရားရွာ၊ သံလယ်ရွာနှင့်ဇာသပြင်ရွာရှိ ရွာခံများမှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြပြီး မြို့ပေါ်တက် စျေးရောင်းစျေးဝယ်လုပ်ဆောင်ရန်ပင် အခက်အခဲများရှိလာကြောင်း ဒေသခံများက ပြောသည်၊၊

“အရင်ကတစ်ခါမှ မကြားဖူးဘူး။ ဒီလထဲမှာပဲ ဖြစ်နေတာ။ အရင်ကဆို မြို့ပေါ် တက်ဈေးဝယ်တာ ဘာမှမဖြစ်ဘူး။ လမ်းကတော့ လူနည်းနည်းပြတ်တယ်။ အခုမှလုလိုက်ဓါးပြတိုက်လိုက်နဲ့ မြို့သွားရတာ မလွယ်တော့ တခြာလမ်းကသွားရင်ရပေမဲ့ ခရီးကဝေးတယ်လေ။ ဆီဈေးဘာညာနဲ့ အဆင်မပြေဘူး” ဟု ဇာသပြင် ရွာခံတစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ်အတွင်းအပြင် အခြားသော တိုင်းနှင့် ပြည်နယ်ဒေသ အသီးသီးတွင်လည်း ဖောက်ထွင်းခိုးယူမှု၊ လုယက်မှု၊ သတ်ဖြတ်မှုဖြစ်စဉ်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရာဒေသ တော်တော်များများတွင် သိသိသာသာ ပိုတိုးဖြစ်ပေါ်လာကြောင်း ပြည်တွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

Photo: CJ