Home သတင်း ကော့ကရိတ်မြို့တွင် ညမထွက်ရအမိန့် အချိန်တိုးထုတ်ပြန်

ကော့ကရိတ်မြို့တွင် ညမထွက်ရအမိန့် အချိန်တိုးထုတ်ပြန်

706
Photo: CJ

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စစ်ကောင်စီအုပ်ချုပ်ရေးမှ မြို့နေပြည်သူ လုံခြုံရေးအတွက်ဟုဆိုကာ သြဂုတ်လ ၃၀ ရက်က ညမထွက်ရ အမိန့်အား ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ အချိန်တိုးထုတ်ပြန်ကြောင်း ယမန်နေ့က လိုက်လံကြေငြာလျက်ရှိသည်ဟု သိရသည်။

မြို့ခံတစ်ဦးက “သူတို့က ရပ်ကွက်တွေထဲလိုက်ကြေငြာနေတယ်၊ မနက် ၄ နာရီ ကနေ ည ၆ နာရီထိုးဆို အပြင်မထွက်ရအမိန့်ထုတ်တယ်ပေါ့၊ PDF ကရင်အဖွဲ့တွေ မြို့ထဲလာ ပစ်တာမျိုး ထပ်ဖြစ်မှာစိုးလို့ ပြည်သူလူထု လုံခြုံရေးအတွက် မာရှယ် လော ထုတ်တယ်ပေါ့ဆိုပြီးလိုက်ကြေငြာတယ်။ အမှန်က သူတို့နေတဲ့ နေရာတွေ ၊ စခန်းတွေ၊ ရုံးတွေကို ထပ်လာပြီး ပစ်ခံရမှာ ကြောက်နေကြတာမျိုး ဖြစ်နေပြီ။ ၃ လ အမိန့်ပေါ့ ၊ အောက်တိုဘာလကုန်အထိဆိုပြီး ကြေငြာရာမှာ ပြောသွားတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် မြို့ဝင်မြို့ထွက်လမ်းများကို ပိတ်ထားသည့်အတွက် မြို့တွင်းနေ ပြည်သူများသွားလာရောင်းဝယ်ရေး နေထိုင်စား သောက်ရေး အခက်တွေ့နေကြကြောင်းလည်း ၎င်းမြို့ခံက ဆက်ပြောသည်။

ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က ရဲစခန်း ၂ ခု တိုက်ခိုက်ခံ ရသည့်ဖြစ်စဉ်အပြီး မြို့နှင့်ကျေးရွာဆက်သွယ်သည့်လမ်းများအား ပိတ်ထားခြင်း၊ စစ်ကောင်စီရုံးများ ပိတ်ထားခြင်း၊ လျှပ်စစ်မီးပြတ်တောက်နေခြင်း၊ မြို့တွင်း ရောင်းဝယ်သွားလာမှု ပြတ်တောက်နေခြင်းများ ကြုံတွေ့ ဖြစ်ပေါ်နေသည့် အချိန်တွင် ထပ်မံ၍ ညမထွက်ရမာရှယ်လောအမိန့်အား အချိန်တိုးထုတ်ပြန် လာသည့်အတွက် မြို့ပေါ် ရပ်ကွက် ၇ ခုနေ ပြည်သူများ ပိတ်မိနေသလို ဖြစ်နေပြီး မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။

“အခုက ဖားအံနဲ့လည်း ဈေးကားလိုင်းကားသွားဖို့က အစစ်အဆေးက တစ်အား တင်းကြပ်တယ်။ မီးကလည်းမလာဘူး၊ ဈေးဆိုင်တွေလည်း မဖွင့်ရဲကြဘူး။ သူတို့ စစ်တပ်ကလည်း တချိန်လုံးလှည့်နေတယ်၊ ရပ်ကွက်တွေထဲ ဧည့်စာရင်းစစ်တယ်။ ရွာဘက်လူတွေဈေးလာဖို့ မလာရဲကြတော့ဘူး။ မြို့ထဲ ဝင်တဲ့လမ်းတွေ အကုန်ပိတ် ထားတော့၊ တိုက်ပွဲဖြစ်ရင် ပြေးထွက်ဖို့မလွယ်ဘူး။ ရပ်ကွက်သားတွေကို မြို့ပိတ်ပြီးထားထားသလို ဖြစ်လာနေပြီ”ဟု နောက်ထပ်ကော့ကရိတ် ရပ်ကွက် နေပြည်သူတစ်ဦးကလည်း ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကော့ကရိတ် ၊ မြဝတီ၊ ဖာပွန်၊ သံတောင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များဘက်တွင် ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး မြဝတီ-ဝေါလေ၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး၊ ဖားအံ-ဝါးဘိုးတော-ကမမောင်း-ကတိုင်တိ လမ်းပိုင်းများအသွားအလာ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင် နေသည့် ကာလအတွင်း ကော့ကရိတ်မြို့ ညမထွက်ရ အမိန့်ကဲ့သို့ ကြေငြာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တောင်ကြာအင်း၊ ကျုံဒိုး၊ ဝေါလေ၊ မြဝတီ၊ သင်္ဃန်းညီနောင် ဒေသကျေးနယ်များဘက်ရှိ စစ်ကောင်စီထောက်ခံသူ အုပ်ချုပ်ရေး မှူးများမှ ညနေ ၆နာရီကျော် ညမထွက်ရန်၊ သွားလာပါက စစ်ကောင်စီစစ် ကြောင်းမှ ပစ်ခတ်ဖမ်းဆီးမည်ဟု လိုက်လံအသိပေးပြောဆိုမှုများ လုပ်ဆောင် နေကြသည့်အတွက် ဒေသခံများသွားလာစားသောက် နေထိုင်အလုပ် လုပ်ကိုင်နိုင်ရေးကိစ္စများ ပိုမိုအခက်တွေ့လာနေကြောင်း ဒေသခံများက ပြောသည်။