Home ဆောင်းပါး ထောင်ချောက် – သတ်ကွင်း – ထွက်ပေါက် (သို့မဟုတ်) ၂၀၀၈ အခြေခံဥပဒေ – (NCA)စာချုပ် – ၂၀၂၃...

ထောင်ချောက် – သတ်ကွင်း – ထွက်ပေါက် (သို့မဟုတ်) ၂၀၀၈ အခြေခံဥပဒေ – (NCA)စာချုပ် – ၂၀၂၃ ရွေးကောက်ပွဲ

639

ထောင်ချောက် – သတ်ကွင်း – ထွက်ပေါက်

(သို့မဟုတ်)

၂၀၀၈ အခြေခံဥပဒေ – (NCA)စာချုပ် – ၂၀၂၃ ရွေးကောက်ပွဲ

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၀ရက်)

ယခုဆောင်းပါးမှာတော့ အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့ သွားရောက်ဆွေးနွေးခဲ့ကြတဲ့ လူမျိုးစုအဖွဲ့အစည်း ၁၀ဖွဲ့နဲ့သက်ဆိုင်တာကို ရရှိထားတဲ့ အချက်အလက်များအပေါ် အခြေခံပြီး သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၄-၈-၂၀၂၂) ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင် တဲ့ကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက်(စကစ) စစ်အုပ်စုဥက္ကဋ္ဌ မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ မီဒီယာ သတင်းတွေအရ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့ဟာ (၇-၈-၂၀၂၂)ရက်နေ့မှာ နေပြည်တော် က သူတို့မူလ အခြေစိုက်ရာသို့ ပြန်လည်ထွက်ခွာသွားပြီလို့လည်း သိရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဟာ မင်းအောင်လှိုင်နဲ့သွားတွေ့ကြတဲ့ လူမျိုးစုအဖွဲ့အစည်း (၁၀)ဖွဲ့အနက် နောက်ဆုံးတွေ့ဆုံတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

(၂၂-၄-၂၀၂၂) ရက်နေ့မှာ (CRPH /NUG) နဲ့ (PDF) အဖွဲ့များမှအပ NCA စာချုပ်လက်မှတ်ရေးထိုးပြီး လူမျိုးစု အဖွဲ့အစည်း၊ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ လူမျိုးစုအဖွဲ့အစည်းတွေကို မင်းအောင်လှိုင်တို့ဘက်က စတင်ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။ မင်းအောင်လှိုင်ရဲ့ကမ်းလှမ်းမှုကို လက်ခံပြီးသွားရောက်ဆွေးနွေးမယ်လို့အကြောင်း ပြန်တဲ့ လူမျိုးစုအဖွဲ့အစည်း ၁၀ဖွဲ့ရှိပါတယ်။ အဲဒီ ၁၀ဖွဲ့ထဲမှာ (NCA)စာချုပ်လက်မှတ်ထိုးပြီးတဲ့ လူမျိုးစုအဖွဲ့အစည်း ၇ ဖွဲ့နဲ့ (NCA) စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ လူမျိုးစုဖွဲ့အစည်း ၃ဖွဲ့တို့ ပါဝင်ပါတယ်။

အကြမ်းဖက်(စကစ)စစ်အုပ်စုနဲ့ ဆွေးနွေးတဲ့ (NCA)စာချုပ်လက်မှတ်ထိုးပြီး လူမျိုးစုအဖွဲ့အစည်း ၇ ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ပါတယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့ဆွေးနွေးတဲ့ (NCA) စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ လူမျိုးစုအဖွဲ့ အစည်း ၃ဖွဲ့မှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP) တို့ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို လက်ခံမလား/လက်မခံဘူးလား။ သွားရောက်ဆွေးနွေးမှာလား/ မဆွေးနွေးဘူးလားဆိုတဲ့ အမြင် ၂ရပ် ပဋိပက္ခဟာ အဖွဲ့အစည်းတွေအတွင်းမှာ သဘာဝကျစွာပဲ မတူတဲ့အတိုင်းအတာ နဲ့ ရိုက်ခတ်ပါတယ်။ ဒီရိုက်ခတ်မှုက (NCA) စာချုပ်လက်မှတ်ထိုးပြီးတဲ့ လူမျိုးစုအဖွဲ့အစည်း (၁၀)ဖွဲ့ထဲမှာ (၇)ဖွဲ့က လက်ခံတယ်/ သွားရောက်ဆွေးနွေးမယ်လို့ ဆုံးဖြတ်ကြပြီး ကျန် (၃)ဖွဲ့က လက်မခံ/မသွားဘူးလို့ ဆုံးဖြတ်ခဲ့ကြဟန်တူ ပါတယ်။

(NCA)စာချုပ် လက်မှတ်ထိုးပြီးတဲ့ လူမျိုးစုအဖွဲ့အစည်း ၇ဖွဲ့အနက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌက မသွားလိုဘူး။ အထွေထွေအတွင်းရေးမှူးက သွားလိုတယ်။ သွားမယ်ဆိုတဲ့ အသံကြားရပါတယ်။ နောက်ဆုံး တော့ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးစီးတဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ကိုယ်စားလှယ်အ ဖွဲ့ဟာ (၇-၇-၂၀၂၂)မှာ မင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံဆွေးနွေးပါတယ်။

အဲဒီလို မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွင်းမှာ သဘာဝကျစွာပဲ အမြင် ၂ရပ် ပဋိပက္ခ ရှိကြသော်လည်းပဲ (LDU) အဖွဲ့ထံကပဲ အဲဒီလို ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးအကြားက အမြင်မတူတဲ့ အသံကြားရပြီး အခြားအဖွဲ့တွေဆီကတော့ အဲဒီလို အသံမျိုး မကြားရပါဘူး။ ကျနော်တို့ လက်လှမ်းမမီတာကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုကို ပထမဆုံး တုန့်ပြန်တဲ့အဖွဲ့နဲ့ ပထမဆုံး သွားရောက်ဆွေးနွေးတဲ့ လူမျိုးစုအဖွဲ့ အစည်းကတော့ ဥက္ကဋ္ဌ စဝ်ယွက်စစ် ဦးစီးတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ပဲ ဖြစ်ပါတယ်။ (၁၉-၅-၂၀၂၂) ရက်နေ့မှာ ဥက္ကဋ္ဌ စဝ်ယွက်စစ် ဦးစီးတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့ ဟာ တာချီလိတ်ကနေတဆင့် နေပြည်တော်ကို ရောက်ရှိလာပါတယ်။ (၂၀-၅-၂၀၂၂)ရက်နေ့မှာ မင်းအောင်လှိုင်နဲ့ တွေ့ ဆုံပါတယ်။

သွားတွေ့ကြတဲ့ အဖွဲ့ ၁၀ဖွဲ့ဟာ တစ်ဖွဲ့မှာ ကိုယ်စားလှယ် ၃ယောက်စီပါဝင်ပြီး ၃ ရက်စီဆွေးနွေးကြတာတွေ့ရ ပါတယ်။ ပထမဦးစွာ မင်းအောင်လှိုင်နဲ့ ၁ရက် ဆွေးနွေးကြရပြီး ကျန် ၂ရက်ကတော့ မင်းအောင်လှိုင်က ဖွဲ့ပေးထားတဲ့ ဗိုလ်ရာပြည့် ဦးစီးတဲ့ “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ” နဲ့ ဆွေးနွေး ကြရတာဖြစ်ပါတယ်။

၃ရက် ဆွေးနွေးကြတာမှာ “ဘာအကြောင်းအရာတွေဆွေးနွေးကြပြီး – ဘယ်လိုအချက်တွေကို သဘောတူညီ ခဲ့ကြသလဲ” ဆိုတဲ့အချက်ကိုတော့ အကြမ်းဖက်(စကစ) စစ်အုပ်စုဘက်ကပဲ ယေဘုယျသဘော ထုတ်ပြန်ပြီး လာ ရောက် ဆွေးနွေးတဲ့ အဖွဲ့အစည်းတွေဘက်က တိုင်းပြည်နဲ့ ပြည်သူထံ လေးလေးစားစား၊ ပြည့်ပြည့်စုံစုံ အသိပေး အစီ ရင်ခံတာမျိုး မတွေ့မိ၊ မကြားမိပါဘူး။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) အဖွဲ့ထံကသာ မင်းအောင်လှိုင်သို့ လိပ်မူထားတဲ့ (“ဝ” ပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ တင်ပြပြောဆိုချက်)ဆိုတာကို ဆိုရှယ်မီဒီယာကတဆင့် ရရှိဖတ်ရှုရပါတယ်။ (UWSP) အဖွဲ့က တင်ပြချက်ရဲ့အကျဉ်းချုပ်ကတော့ “မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိ ပက္ခ ပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်ကမျှ ပါဝင်ပတ်သက်မည်မဟုတ် – တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် – နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝ ပြုလုပ်မည်မဟုတ် – ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ကို ဆက်လက်လိုက်နာ ထိန်းသိမ်းမည်- အခြားတိုင်းရင်းသားပြည်နယ်များနှင့် တန်းတူရည်တူသော “ဝ”အမျိုးသားကိုယ် ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန်တောင်းဆိုပါတယ် – ဆွေးနွေးမှုအတွက် သဘောတူညီမှုမရရှိနိုင်ပါက လက် ရှိအနေအထားကို ထိန်းသိမ်းရန်” စတဲ့အချက်တွေကို တင်ပြပြောဆိုထားပါတယ်။ (UWSP)အဖွဲ့ ဟာ (NCA)စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ လူမျိုးစုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူမျိုးစုအဖွဲ့အစည်းတွေအနက် နယ်မြေနဲ့ လက် နက်ကိုင်အင်အား အတောင့်အတင်းဆုံးအဖွဲ့လည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့ထံ သွားရောက်ဆွေးနွေးကြတဲ့ လူမျိုးစုအဖွဲ့အစည်းတွေကို သူတို့ အစဉ်တစိုက် စွဲကိုင် တောင်းဆိုနေကြတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ရှုထောင့်၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတစ်ခုရဲ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန် ဆိုတဲ့ရှုထောင့် စသဖြင့် ဘယ်ရှုထောင့်ကကြည့်ကြည့် တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူများထံ (ယုတ်စွအဆုံး မိမိကိုယ်စားပြုရပ်တည်ရာ လူမျိုးစုများထံ) သွားရောက်ဆွေးနွေးရတဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက် သဘောထားနဲ့ ဆွေးနွေးကြတဲ့ အကြောင်းအချက်တွေကို အသိပေးအစီရင်ခံဖို့ လစ်ဟင်းပျက်ကွက်နေကြတာကတော့ ဖြင့် ဘယ်လိုမှ မဆီလျော်ပါဘူး။ နိုင်ငံရေး လက်ဦးမှု ကင်းမဲ့ရာလည်း ကျပါတယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ သတင်းစာတွေထဲမှာ အခုလို ၂မျိုး ရေးသားထားတာ တွေ့ရပါတယ်။
– ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း ၃မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား – ၂ပါ ဆွေးနွေးရန် အချက်များနှင့် ပတ်သက်၍လည်း ကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော် ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြ သည်။ ထို့နောက် ၃ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ ကြသည်။

– နိုင်ငံရေးပါတီများအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်မှ ပြင်ဆင်လိုသည့်အချက်များနှင့် စပ်လျဉ်း၍ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ သဘောထားများကို ညှိနှိုင်းရေးကော် မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ များအား နှစ်ဖက် ဆွေးနွေးညှိနှိုင်းကြပြီး ၃ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးသည်။

ဒီအချက် ၂ချက်အရကြည့်ရင်ပဲ သွားရောက်ဆွေးနွေးကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်(စကစ) စစ် အုပ်စုနဲ့ ဘာတွေဆွေးနွေးသဘောတူညီခဲ့ကြသလဲဆိုတာကို တိုင်းပြည်နဲ့ပြည်သူလူထုထံ ပြည့်စုံမှန်ကန်စွာ အသိပေး တင်ပြအစီရင်ခံဖို့ လိုအပ်နေတာ အင်မတန်မှ ထင်ရှားပါတယ်။

အခုတော့ ပထမအကျော့ ဆွေးနွေးတာ ပြီးဆုံးသွားပါပြီ။ တစ်ကြိမ်တစ်ခါမှ လာရောက်မဆွေးနွေးကြသေးတဲ့ လူမျိုးစု အဖွဲ့အစည်းတွေကို မင်းအောင်လှိုင်က (၁၄-၆-၂၀၂၂)ရက်နေ့မှာ ထပ်မံဖိတ်ခေါ်ထားသလို (၁၈လ)ပြည့် မိန့်ခွန်း (၁-၈-၂၀၂၂)ထဲကနေလည်း ထပ်မံဖိတ်ခေါ်နေပြန်ပါတယ်။ ဒါ့အပြင် ယခု ဆွေးနွေးပြီးသွားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ “ဒုတိယအကျော့ ဆွေးနွေးအုံးမယ်”လို့လည်း ပြောနေပြန်ပါတယ်။

အထင်အရှား မြင်နိုင်တဲ့အချက် ၂ခု ရှိပါတယ်။
ပထမတစ်ခုကတော့ (NCA)စာချုပ် လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေဘက်ကလည်း (NCA)စာချုပ်ကို လုံးလုံးလျားလျား ကျောခိုင်းစွန့်ပယ်ကြသေးတာ မဟုတ်သလို အကြမ်းဖက်(စကစ) စစ်အုပ်စုဘက် ကလည်း တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေကို အပျော့ဆွဲ ဆွဲနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ထို့အတူ (NCA)စာချုပ်လက်မှတ်မထိုးရသေးတဲ့ လူမျိုးစုအဖွဲ့အစည်းတွေကလည်း စစ်အုပ်စုနဲ့ ယခင်ကရယူ ထားတဲ့ နားလည်မှု (ဝါ) နေမြဲအနေအထားကနေ ပွန်းရိထိခိုက်မလာအောင် ကိုယ့်အနေအထားနဲ့ကိုယ် ထိန်းသိမ်းထား ကြသလို စစ်အုပ်စုဘက်ကလည်း ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့ပုံ ရှိနေတာကို တွေ့ရပါတယ်။

ဒုတိယအချက်ကတော့ ဒီလို ‘ခွေ’ထား ‘ထိန်း’ထားတဲ့ အခြေအနေအောက်မှာ ဒေသအနှံ့အပြားက PDF တပ်ဖွဲ့ တွေနဲ့ လူမျိုးစုအဖွဲ့အစည်းတချို့ကို (စကစ) စစ်အုပ်စုက လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတွေသုံးပြီး ထိုးစစ် ဆင်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း သက်ဆိုင်ရာအဖွဲ့ပြိုကွဲအောင် ရန်တိုက်သပ်လျှိုသွေးခွဲပါ တယ်။

ပြီးတော့ မင်းအောင်လှိုင်တို့ အကြမ်းဖက် (စကစ) စစ်အုပ်စုက တစ်ချက်ခုတ်ရင် အပိုင်းပိုင်းပြတ်စေဆိုတဲ့ အကြံယုတ်နဲ့ ဒီလိုဆွေးနွေးတွေပွဲကို ခေါ်ယူနေတာလို့ ယူဆပါတယ်။
ပထမအချက်က လူမျိုးစုအဖွဲ့အစည်းတွေကို (CRPH/NUG) နဲ့ (PDF)တို့နဲ့ သွေးခွဲရန်တိုက်တာ။ ခုခံတော်လှန် စစ် အရှိန်အဟုန်ကို ချိုးပစ်တာ။

ဒုတိယအချက် ဒီလိုဖိတ်ခေါ်ခြင်းအားဖြင့် (စကစ) စစ်အုပ်စုကို စုစည်းဝိုင်းတိုက်လာမယ့် စစ်အင်အားကို တန့် သွား ကြေကွဲသွားစေတာ၊ သက်ဆိုင်ရာလူမျိုးစုတွေအကြား သို့တည်းမဟုတ် လူမျိုးစုအဖွဲ့အစည်းတစ်ခုထဲအတွင်း အမြင် ၂ရပ် ပဋိပက္ခကို ထိုးသွင်းပေးနိုင်တာ [သာဓက – (NCA) လက်မှတ်ထိုး ၁၀ဖွဲ့ထဲမှာ (၇)ဖွဲ့နဲ့ (၃)ဖွဲ့ ကွဲသွားစေ တယ်။ (LDU)ထဲမှာ ဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူးအကြား ပဋိပက္ခဖြစ်စေတယ်]

တတိယအချက် “ငြိမ်းချမ်းရေးနှစ်” ဆိုပြီး လိမ်ညာဝါဒဖြန့်ဖို့အတွက် အချက်အလက်ရရှိစေတယ်။
စတုတ္ထအချက် “၂၀၀၈ အခြေခံဥပဒေနဲ့ (NCA)စာချုပ်” ကို ဆက်လက်ထိန်းသိမ်းတည်မြဲစေဖို့ သူခိုးသေဖော် ညှိသလို လုပ်နိုင်စေတယ်။

ပဉ္စမအချက် “၂၀၂၃ ရွေးကောက်ပွဲ” ဘာကြောင့် မဖြစ်နိုင်ရသလဲ (ဝါ) ဘာကြောင့်ရွှေ့ဆိုင်းရသလဲ ဆိုတာကို လုပ်ကြံလီဆယ် အကြောင်းပြနိုင်ဖို့အတွက် အချက်အလက် ဖန်တီးစေနိုင်တယ်။

ဆဋ္ဌမအချက် “၂၀၀၈ အခြေခံဥပဒေ – (NCA)စာချုပ် – ၂၀၂၃ ရွေးကောက်ပွဲ” ဆိုတာ “နိုင်ငံရေးပါတီတွေနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေ” အားလုံးကို လူမျိုးပေါင်းစုံ ပြည်သူလူထု အဆက်ဖြတ်ပစ်ပြီး ဖရိုဖရဲ ပြိုကွဲ သွားအောင် ချေမှုန်းပစ်ဖို့ ကြံရွယ်ထားတဲ့ ထောင်ချောက်ဖြစ်တယ်၊ သတ်ကွင်းဖြစ်တယ်၊ တစ်နည်းအားဖြင့် အကြမ်း ဖက်(စကစ) စစ်အုပ်စုရဲ့ ထွက်ပေါက်လည်း ဖြစ်နေတယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ – (NCA)စာချုပ် – ၂၀၂၃ ရွေးကောက်ပွဲ” တို့ရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရား”ကို ချုပ်ကိုင်မောင်းနှင်နေတဲ့ မင်းအောင်လှိုင် ဦးစီးတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားရေးဟာ ဒီကနေ့ တော်လှန်ရေးရဲ့ အခြေခံအကျဆုံး တောင်း ဆိုချက်နဲ့ လက်တွေ့လုပ်ငန်းတာဝန်သာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတောင်းဆိုချက်နဲ့ ဒီတာဝန်ကို လစ်ဟင်းပျက်ကွက်ပါက၊ နှောင့်နှေးကြန့်ကြာပါက တော်လှန်ရေး ခရီးကို ခက်ခဲကွေ့ကောက်စေပြီး စစ်အုပ်စု သက်ဆိုးရှည်ကြာစေပါလိမ့်မယ်။ စစ်အုပ်စု သက်ဆိုးရှည်ကြာလျှင် တိုင်း ပြည်နဲ့ ပြည်သူ ယခုထက် ပိုမိုပြီး ကြီးကြီးမားမား ထိခိုက်နစ်နာပါလိမ့်မယ် ဆိုတာကို အလေးအနက် သုံးသပ်တင်ပြ လိုက်ရပါတယ်။