Home သတင်း ခလယ်-တံခွန်တိုင်တိုက်နယ် စာသင်ကျောင်းဝင်းထဲ စစ်ကောင်စီတပ် မိုင်းထောင်ထားသဖြင့် ဌာနေကလေးထောင်ချီပညာသင်ယူမှုမရကြသေး

ခလယ်-တံခွန်တိုင်တိုက်နယ် စာသင်ကျောင်းဝင်းထဲ စစ်ကောင်စီတပ် မိုင်းထောင်ထားသဖြင့် ဌာနေကလေးထောင်ချီပညာသင်ယူမှုမရကြသေး

385

ဩဂုတ် ၁၆ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်သည် စခန်းအနီးရှိ ကျေးရွာစာသင်ကျောင်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် ဌာနေကလေးဦးရေထောင်ချီမှာ ယနေ့အချိန်ထိ ပညာသင်ယူမှု မရကြသေးဟု ဒေသခံများထံမှ သိရသည်။

တံခွန်တိုင်ရွာ အမှတ်(၃) မူလတန်းကျောင်းဝင်းအတွင်း ထွက်ပေါက်ထောင့်စုနေရာတွင် စစ်ကောင်စီတပ်မှ မိုင်းတစ်လုံး ထောင်ထားသည့်အပြင် ခလယ်တံခွန်တိုင် အထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းခန်းမဆောင်အရှေ့နှင့် နှစ်ထပ်ကျောင်းကြီး အရှေ့ဘက် ကျောင်းအလံတိုင်အနီးတွင်လည်း အမိုးအကာဖြင့် ဖုံးအုပ်ထားကာ အမြှောက်လက်နက်ပုံစံ တူဖြင့် ကျေးရွာအတွင်းဘက်သို့မူပြီး ခြိမ်းခြောက်တပ်ဆင်ထောင်ထားသည့်အတွက် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု ရွာသားများက ပြောသည်။

“ တံခွန်တိုင်ရွာ အမက (၃) ကျောင်းဝင်းထဲမှာ စစ်တပ်က မိုင်းတစ်လုံး ထောင်ထားတာတွေ့တယ်။ ခလယ်-တံခွန်တိုင် အထက ကျောင်းဝင်းမှာက ဝါးဘိုးချောင်းကို မိုးကာနဲ့ဖုံးအုပ်ပြီး အမြှောက်လက်နက်ကြီးပုံစံနဲ့ ရွာဘက်ကိုမူပြီး ခြိမ်းခြောက်ထောင်ထားတာက နှစ်နေရာရှိတယ်။ ရွာသားတွေက ကြောက်လန့်ကြတာပေါ့ဗျာ။ စခန်းဝင်းကနေ ညတိုင်းသေနတ်ပစ်ဖောက်ကြတော့ အနီးအနားကရွာသားတွေ ခုထိအိမ်မပြန်ရဲကြဘူး။ ကလေးအများစုလည်း ခုထိကျောင်းမတက်နိုင်ကြသေးဘူး” ဟု အမည်မဖော်လိုသူ တံခွန်တိုင်ရွာသားတစ်ဦးက ကေအိုင်စီသို့ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် အမှတ်(၁ဝ၂၁) နယ်ခြားစောင့်တပ် -BGF နှင့် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂ တပ်ရင်းတို့သည် ပြီးခဲ့သည့် ဧပြီလတွင် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ဒေသခံများအား လူသားဒိုင်းအဖြစ် ပေါ်တာဖမ်းဆီးရိုက်နှက်ခြင်းနှင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ခြိမ်းခြောက်လှမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံရွာသား ၃ ဦး ကျည်ထိမှန် သေဆုံးခဲ့ရာ ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့် ဒေသခံ၏ ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးခဲ့ကြရပြီး ခလယ်၊ တံခွန်တိုင်ရွာရှိ ဒေသခံရွာသားအချို့၏ လယ်၊ ဥယျာဉ်ခြံများအတွင်းသို့ မပေါက် ကွဲသေးသည့် လက်နက်ကြီးကျည်များ ကျရောက်ထားသည့်အတွက် ယနေ့အချိန်ထိ လုပ်ငန်းခွင်သို့ ပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိသေးဟု ဝင်းရော်ဒေသခံများက ပြောသည်။

ခလယ်တံခွန်တိုင်တိုက်နယ်သည် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုတွင် ပါဝင်ပြီး ပြီးခဲ့သည့် ဧပြီလမှစပြီး နယ်မြေကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLAတို့ နှစ်ဖက်တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် ဒေသခံ အရပ်သား ပြည်သူ တစ်သောင်းနီးပါးအထိ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး စခန်းအနီးရှိ နေထိုင်ကြသည့် ဒေသခံအများစုလည်း ယနေ့အချိန်ထိ နေအိမ်ပြန်မလာနိုင်ကြသေးဟု ရွာသားများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီခြေကုပ်စခန်းမှ ညစဉ်လက်နက်ကြီး လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းနှင့် ကျောင်းဝင်းအတွင်း မိုင်းထောင်ထားခြင်းများ ပြုလုပ်သည့်အတွက် စခန်းအနီးတစ်ဝိုက်ရှိ ကျေးရွာစာသင်ကျောင်း ၁၀ ကျောင်းနီးပါးမှာ ယနေ့အချိန်ထိ မဖွင့်လှစ်နိုင်ကြသေးပေ။

ထို့အတူ KNU ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ တောင်ကြာအင်း(စံပြ)ကျေးရွာ အထက်တန်း ကျောင်းဝင်းထဲ၌ လက်ရှိတပ်စွဲထားသည့် စစ်ကောင်စီတပ်သည်လည်း ကျောင်းခြံစည်းရိုးနေရာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် စိုးရိမ်ကြောက်ရွံ့မှုဖြင့် သွားလာနေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။