Home သတင်း မြဝတီမြို့တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် ငွေလဲလုပ်ကိုင်သူများကို ယခုအချိန်ထိ ပြန်လွှတ်ပေး ခြင်းမရှိသေး

မြဝတီမြို့တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် ငွေလဲလုပ်ကိုင်သူများကို ယခုအချိန်ထိ ပြန်လွှတ်ပေး ခြင်းမရှိသေး

808
Photo: CJ

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သြဂုတ်လ (၁၃)ရက်နေ့က အမှတ် (၃)ရပ်ကွက် ကြံခင်းလမ်းနှင့် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ မြန်မာနှင့်ထိုင်း တစ်နိုင်တစ်ပိုင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီတပ်နှင့်ရဲများက ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အမှတ် (၃)ရပ်ကွက် ကြံခင်းလမ်းရှိ မြန်မာကျပ်ငွေနှင့်ထိုင်းဘတ်ငွေ လဲလှယ်သည့် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် ငွေလဲခုံ (၂၀)ခန့်ရှိသည့်အနက် သြဂုတ်လ (၁၃) ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်နှင့်ရဲများက ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းကြောင့် လူ(၉) ဦး ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ငွေများကိုလည်း သိမ်းယူသွားခဲ့သလို တချိန်တည်းတွင် အမှတ် (၁) ချစ်ကြည်ရေးနယ်စပ် တံတားအနီးရှိ ငွေလဲခုံများကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းဖမ်းဆီးသူများကို ယနေ့အချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“စနေနေ့ညကပေါ့ ရဲတွေဝင်ဖမ်းတာ။ ဘာသတင်းမှမကြားပဲနဲ့ ဝင်ဖမ်းတာဆိုတော့ မိသွားတာများတယ်တဲ့။ ကျမတို့တောင် အဲ့နေ့က ဆိုင်ခုံမဖွင့်လို့လွတ်သွားတာ။ ငွေလဲလှယ်ပေးတဲ့ခုံတွေကတော့ အနည်းဆုံး တစ်နေရာမှာဆို (၂၀)လောက်ရှိမယ်။ အမှတ်(၁)တံတားအစပ်မှာလည်း ငွေလဲလုပ်နေတဲ့သူတွေက အများကြီးပဲလေ။ ဒိုင်ကြီးတွေကိုပဲ ဖမ်းသွားကြတာ။ ဖမ်းသွားတာ (၉)ယောက်လောက်ရှိတယ်။ ကြံခင်းလမ်းကို အရင်ဝင်ဖမ်းတာ ပြီးမှတံတား (၁)ဘက်ကို ဖမ်းကြတာ။ ပိုက်ဆံရာဂဏန်းလောက်အထိပေးမှပဲ ပြန်လွှတ်ပေးမယ်လို့ ထင်တာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က မြန်မာကျပ်ငွေ စျေး အဆမတန် ထိုးကျမှုအပေါ် တစ်စုံတစ်ရာတုန့်ပြန်လိုသည့် ပုံစံဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း မြဝတီမြို့ခံတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

Photo: CJ

၎င်းက “ဘယ်လိုလဲဆိုတော့ နေ့တိုင်းပဲလေ Facebook Page တွေမှာတင်နေကြတယ်လေ။ ဘတ်ငွေဘယ်လောက်ဆို မြန်မာငွေ ဒီလောက်ရမယ်။ Page တွေက အများကြီးပဲပေါ်လာတော့ မှန်တဲ့ဟာကနည်းနည်းပဲ။ လိမ်တာတွေက များပါတယ်။ ပိုက်ဆံစျေးတွေက အဲဒီငွေလဲတိုင်တွေရဲ့ ပါးစပ်ထဲမှာပဲရှိတော့တာ။ အခုလိုတွေဖြစ်ကုန်တော့ ရဲတွေက ပိုပြီးကြိုက်တာပေါ့လေ။ ငွေစျေးတွေကျကုန်တာ သူတို့ကြောင့် မဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ အဖမ်းပြတာလည်း ဖြစ်မယ်”ဟုပြောသည်။

စစ်ကောင်စီအာဏာသိမ်းမှု တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်း နိုင်ငံခြားငွေစျေး ကမောက်ကမ ဖြစ်လာသလို အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃,၀၀၀ အထိ ရှိလာခဲ့ပြီး အိမ်နီးချင်း ထိုင်းဘတ်ငွေစျေးမှာလည်း တစ်ဘတ်ကို မြန်မာငွေ ၈၀ ကျပ်နှုန်းအထိ ရှိလာခဲ့သည်။ ထို့အတူ ပြည်တွင်း စားသုံးကုန်စျေးနှုန်းများလည်း အဆမတန် မြှင့်တက်လာကာ ပြည်တွင်းမငြိမ်မသက်ဖြစ်စဉ်များကြောင့်ပြည်တွင်းအတွင်း အလုပ်လက်မဲ့ ဦးရေများလည်း ပိုတိုးလာခဲ့သည်ဟု သိရသည်။

ငွေလဲ လုပ်ငန်းလုပ်ကိုင်သူများ အဖမ်းဆီးခံခဲ့ရသည့် မြဝတီမြို့တွင် စစ်ကောင်စီ၊ နယ်ခြား စောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား မြို့တွင်း တိုက်ပွဲ ၂ ကြိမ်ခန့်ဖြစ်ပွားခဲ့သလို ဗုံးပေါက်ကွဲမှုများ၊ ခိုးမှုလုယက်မှုများလည်း မြို့တွင်း လုံခြုံရေးတင်းကြပ်ထားသည့် ကာလအတွင်း ပိုမိုဖြစ်ပွားနေကြောင်းလည်း မြို့ခံများက ဆိုသည်။