Home သတင်း လက်နက်ကြီးကျည်ထိမှန်၍ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

လက်နက်ကြီးကျည်ထိမှန်၍ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

836

ဇူလိုင်လ ၃၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် လူနေအိမ်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းဇရပ် ပျက်စီးဆုံးရှုံးကာ အိမ်မွေးတိရိစ္ဆာန်များ ထိခိုက် သေကြေမှုရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ကော့ကရိတ်‌မြို့နယ် တောင်ပိုင်းဒေသခံတစ်ဦးက “စစ်ကောင်စီတွေ နေ့တိုင်း ကော့နွဲ၊ ရွာသစ်ကုန်း၊ အံကလော်ကျေး ရွာဘက်ကို လက်နက်ကြီးတွေ ရမ်းပစ်ခတ်တယ်။ တစ်ခါ မောင်းမရွာသစ်ဘက်ကို ပြန်ပစ်တယ်။ ရွာထဲပဲ ပစ်ထည့်တာ များတော့ ထိတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ ၂၃ရက်နေ့မှ ၂၉ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် ၄၄လုံး၊ အိမ်သာ ၁လုံး၊ စျေးဆိုင် ၄လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၁လုံး၊ ဘုန်းကြီးကျောင်းဇရပ် ၁လုံးနှင့် ကား ၁စီး ပျက်စီးသွားခဲ့ပြီး နွား ၉ကောင်မှာလည်း ကျည်ထိမှန်သွားခဲ့သည်ဟု မြင်တွေ့ခဲ့သူများက ပြောသည်။

ထိုသို့ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့သည့် ကျေးရွာများမှာ ကော့နွဲကျေးရွာအုပ်စုနှင့် မောင်းမကျေးရွာအုပ်စုအတွင်းရှိ ကော့နွဲ၊ ရွာသစ်ကုန်း၊ ကြောင်လျှာကုန်း၊ သာယာကုန်းနှင့် ရွာသစ်ကျေးရွာများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဇူလိုင်လ ၂၆ရက်နေ့တွင် မောင်းမကျေးရွာအုပ်စုရှိ သာယာကုန်းကျေးရွာဘက်သို့ တက်လာ ပြီး ဇူလိုင်လ ၂၈ရက်နေ့ မနက် ၆နာရီခန့်၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ ရွာအတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရွာသူ ရွာသားများမှာ ဘေးလွတ်ရာသို့ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရာ အစားအသောက်နှင့် ဆေးဝါးများကို ယူဆောင် ချိန်မရလိုက်ဘဲ ဖြစ်ခဲ့သည်ဟု စစ်ဘေးရှောင်ရွာသားများက ပြောသည်။

သာယာကုန်းရွာသားတစ်ဦးက “တိုက်ပွဲဖြစ်တာ ရွာတွင်းမှာပဲ။ ကျနော့်အိမ်နဲ့လည်း နီးတယ်။ ကျည်ဆံကြားမှာ ပြေးနေ ရတော့ လိုအပ်တာ ဘာမှယူချိန်မရဘဲ ထွက်ပြေးရတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ ၂၃ရက်နေ့တွင် မောင်းမကျေးရွာအုပ်စု၊ ကမိုင်ကုန်းကျေးရွာမှ တပ်စွဲထားသော စစ်ကောင်စီများသည် ရွာသစ် ကျေးရွာသို့တက်လာသဖြင့် တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး ရွာသစ်ကုန်းကျေးရွာတွင် ဇူလိုင်လ ၂၉ရက် ည ၁၀နာရီအချိန်ခန့် က ကျရောက်သည့် လက်နက်ကြီးကျည်များကြောင့် ရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက် ပျက်စီးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၉ရက်၊ ည ၇း၂၀နာရီအချိန်ကလည်း ကော့နွဲတံတားအနီးတွင် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရကာ ၎င်းကား ကို ကော့နွဲရွာအဝင်နားရှိ အာရှလမ်းဘေး၌ ရပ်ထားကြောင်း၊ ဇူလိုင်လ ၃၀ရက်၊ မနက်ပိုင်းတွင် စစ်ကောင်စီတပ်များ သည် ကော့နွဲကျေးရွာ၌ ရွာစာသင်ကျောင်းရှေ့ရှိ လူနေအိမ်အောက်တွင် တပ်စွဲလျက်ရှိနေသည်ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ ရသူများက ပြောသည်။

ယခုအချိန်တွင် စစ်ကောင်စီများသည် သာယာကုန်းမှ မောင်းမရွာသစ်ကျေးရွာဘက်သို့ ပြန်ဆုတ်ခွာပြီဖြစ်သော်လည်း စစ်ရှောင်နေသည့် ရွာသူရွာသားများမှ ကျေးရွာတွင် ပြန်မနေရဲသေးဘဲ ရှောင်တိမ်းနေဆဲဖြစ်သည်။