Home သတင်း မီးသွေးတစ်အိတ် ၅၀၀၀ကျပ်ကြောင့် ကော့ကရိတ်ဒေသခံများ ထင်းကိုပါ မျှပြီးချွေတာသုံးနေရ

မီးသွေးတစ်အိတ် ၅၀၀၀ကျပ်ကြောင့် ကော့ကရိတ်ဒေသခံများ ထင်းကိုပါ မျှပြီးချွေတာသုံးနေရ

1142

ဇူလိုင်လ ၃၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်တွင် ဇူလိုင်လအတွင်း မီးသွေးတစ်အိတ်လျှင် ကျပ်ငွေ ၅၀၀၀အထိ ဈေးနှုန်းမြင့်တက်နေခြင်း ကြောင့် ထင်းကိုပါ မျှပြီးသုံးစွဲနေရသော်လည်း ချွေတာနေရသည်ဟု ဒေသခံပြည်သူများက ကေအိုင်စီသို့ ပြောသည်။

ဒေသတွင်း စစ်ရေးပဋိပက္ခများနှင့် လောင်စာဆီဈေး မြင့်တက်လာမှုသည့်အပြင် မီးသွေးဈေးနှုန်းမှာလည်း ယခင်က ထက် နှစ်ဆခန့် မြင့်တက်နေခြင်းဖြစ်ကြောင်း မီးသွေးနှင့် ထင်းကို လောင်စာအဖြစ် သုံးစွဲနေကြရခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းမှ ရွာသားတစ်ဦးက “မီးသွေးက ဈေးတော်တော် တက်တယ်။ အရင်နှစ်က တစ်အိတ်မှ ၂၅၀၀ က ၃၀၀၀အထိပဲ ရှိတယ်။ အခုတော့ တစ်အိတ်ကို ၅၀၀၀အထိ ရှိပြီ။ ဒါတောင် လိုက်ဝယ်တာ ရောင်းတဲ့သူ မရှိဘူး။ မီးသွေးစျေးချိုရင် မီးသွေးကိုသုံးတယ်။ အလှူလုပ်ရင်တော့ ထင်းမီးနဲ့ပဲ အချက်များတာပေါ့။”ဟု ဆိုသည်။

ထို့အပြင် မိမိအနီးဝန်းကျင်ရှိ စျေးများ၊ အိမ်ဆိုင်များတွင် မီးသွေးများ ရောင်းချသူမရှိပါက သစ်တိုသစ်ပိုင်းများကို ထင်း အဖြစ် ဝယ်ယူစုဆောင်းကာ ချက်ပြုတ်စားသောက်ရန် ချွေတာသုံးစွဲနေရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

သို့သော် အချို့ကျေးရွာအုပ်စုတွင် ယခင်က မီးသွေးဖုတ်ကာ ထုတ်လုပ်ရောင်းချခဲ့ကြရာ အများအားဖြင့် ရွာသစ်ကုန်း၊ တတန်ကူး၊ မြို့ဟောင်းနှင့် မိဖလားကျေးရွာများဖြစ်ကြပြီး လက်ရှိအချိန်တွင် ပစ်ခတ်မှုများကြောင့် မလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အခုတော့ ထင်းတွေအဖြစ် သစ်စက်ကထွက်လာတဲ့ သစ်အပိုင်းအစတွေ ပြန်ဝယ်သုံးရတာ ရှိတယ်။ တစ်ကား(ကားတ စီးစာ)ကို ၈၀၀၀၀(ကျပ်) ပေးရတယ်။”ဟု ၎င်းဒေသခံက ပြောသည်။

ယခုနှစ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ် များက ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့ရောညပါ လှမ်း၍ပစ်ခတ်နေသဖြင့် ဒေသခံရွာသားများမှာ သစ်ခုတ်ယူရန် တောထဲ၊ ခြံထဲသို့ပင် သွားမရဲတော့ဘဲ ဖြစ်နေကြသည်။