Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာတွင် လူထုသစ္စာအဓိဌာန်ပြုပွဲဆိုင်းဘုတ်ဖြင့် ဆန္ဒထုတ်ဖော်

ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာတွင် လူထုသစ္စာအဓိဌာန်ပြုပွဲဆိုင်းဘုတ်ဖြင့် ဆန္ဒထုတ်ဖော်

914
Photo: CJ

ဇူလိုင်လ ၃၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ချောင်းဝကျေးရွာတွင် ယနေ့ဇူလိုင်လ (၃၁)ရက်နေ့ နံနက် (၁၀)ခွဲအချိန်တွင် ကျေးရွာပြည်သူလူထုများက စစ်အာဏာရှင်ကို ဆုံးခန်းတိုင်အောင် အမြစ်ပြတ်တိုက် ထုတ်သွားကြရန် လူထုသစ္စာအဓိဌာန်ပြုပွဲ ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

ကျေးရွာပြည်သူလူထု အင်အား(၂၀၀)ခန့်ပါဝင်သော အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် အာဏာရှင်ဆန့်ကျင်ရေး ဆောင်ပုဒ်များကို လှည့်လည် ကြွေးကြော်ခဲ့ကြပြီး ကျေးရွာအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်တွင် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဖမ်းဆီးထားသောနိုင်ငံရေး အကျဉ်းသား များနှင့် ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်သောတော်လှန်ရေးရဲဘော်များ၊ ပြည်သူလူထုများကို ချက်ချင်းလွှတ် ပေးရေး”စသည်ဖြင့် ကြွေးကြော်ခဲ့ကြပြီး အလယ်ရွာကျောင်းကျေးရွာမှတစ်ဆင့် ချောင်းဝရွာသို့ ချီတက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူများက ပြောသည်။

အလားတူ ဆန္ဒထုတ်ဖော်မှုမျိုးကို အမြို့မြို့အနယ်နယ်ရှိ ပြည်သူလူထုများအနေဖြင့် သွေးမအေးကြဘဲ ပူးပေါင်း ပါဝင်ပေးကြရန်နှင့် ပြည်သူများစုဝေးရာ တစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းတို့ဖြင့် လူထုသစ္စာအဓိဌာန်ပြုပွဲကို ပါဝင်အားဖြည့်နိုင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သော ပြည်သူလူထုများက တောင်းဆိုခဲ့ကြသည်။

Photo: CJ