Home သတင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦး စစ်ကောင်စီ၏ သေဒဏ်ပေးခဲ့မှုအပေါ် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦး စစ်ကောင်စီ၏ သေဒဏ်ပေးခဲ့မှုအပေါ် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

1441

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ထိုင်းရောက်မြန်မာနိုင်ငံသားများက အင်းစိန်ထောင်တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦး စစ်ကောင်စီကြိုးပေးစီရင်မှုနှင့်ပတ်သက်ပြီး ယနေ့နံနက် (၁၁)နာရီအချိန်တွင် မဲဆောက်မြို့စျေးကြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးဖြစ်သည့် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ကြိုးပေးစီရင်ခဲ့ကြောင်း စစ်ကောင်စီဘက်က ကြေညာလိုက်သည့်အပေါ် ယခုလို ဆန့်ကျင်ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်မှုတွင် ပါဝင်သူ များကဆိုသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “ဒီမိုကရေစီရရှိရေးဒို့အရေး၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ အပြစ်မဲ့အရပ်သားအပေါ် တော်လှန်ရေးရဲဘော်များအပေါ် ထောင်ထဲတွင် မတရား ကြိုးမိန့်ပေးခြင်းကို လက်မခံခြင်း”စသည့် ကြွေးကြော် သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းလည်း မျက်မြင် သက်သေများ၏ ပြောစကားအရ သိရသည်။

အဆိုပါ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦး ကြိုးပေး စီရင်ခံရမှုနှင့်ပတ်သက်၍လည်း နိုင်ငံတကာ အသိုင်းအဝိုင်းများမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ကြသလို စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေကြ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများက ကန့်ကွက်ပြစ်တင်ရှုတ်ချခဲ့သေးသည်။