Home သတင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

1873

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ကျောက်ကြီး မြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင်စခန်းတစ်ခုကို ယနေ့ နံနက် (၉)နာရီခွဲအချိန်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက အတည်ပြု ပြောဆိုသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ယာယီ စစ်ဘေးရှောင်နေရသည့် စခန်းများထဲမှ စခန်းနေရာတစ်ခုကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိကြောင်း ကနဦး သိရှိထားရပြီး ထိခိုက်မှု အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းသတင်းအရင်းအမြစ်က ယခုလိုပြောသည်။

“၉ နာရီခွဲ တိတိမှာ လာပစ်သွားတယ်လို့ ပြောတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ကျနော် မရရှိသေးဘူး။ တာဝန်ရှိသူတွေကို ဖုန်းဆက်မေးတာတော့ ထိခိုက်မှုတွေရှိတယ်တဲ့ ။ ဒါပေမဲ့ သူတို့လည်း အဲ့ကိစ္စနဲ့ အလုပ်ရှုပ်တာကော၊ ပစ်ခတ်တာတွေလည်း ဖြစ်နေတော့ ကျနော်ဘာမှဆက်မမေးဖြစ်တော့ဘူး။ လာပစ်သွားတာက ဟယ်လီကော်ပတာနဲ့ပစ်တာ။ အခုက အဲ့လေယာဉ်က အပေါ်ဘက်ကို တက်သွားတယ်။ အပေါ် ဘက်မှာလည်း IDP စခန်းတစ်ခု ရှိသေးတယ်။ အဲ့ကို ထပ်သွားပစ်တာလား မသိဘူး။”ဟုကေအိုင်စီ သို့ ပြောသည်။

အဆိုပါ IDP စခန်းကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကို ယခုလအတွင်းပထမဦးဆုံး အကြိမ်ပြုလုပ် ခြင်းဖြစ်ပြီး ယခုပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် တောင်ငူအခြေစိုက် လေတပ်စခန်းဘက်မှ နောက်ထပ် လေယာဉ် ၃ စီးခန့် ပျံတက်သွားကြောင်း သတင်းရရှိထားသည်ဟုလည်း ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။