Home သတင်း အချင်းချင်းကြား စိတ်ဝမ်းကွဲမှုများကို သဘောထားကြီးစွာညှိနှိုင်းဖြေရှင်းကြရန် တနင်္သာရီအရပ်ဖက်အဖွဲ့များ မေတ္တာရပ်ခံ

အချင်းချင်းကြား စိတ်ဝမ်းကွဲမှုများကို သဘောထားကြီးစွာညှိနှိုင်းဖြေရှင်းကြရန် တနင်္သာရီအရပ်ဖက်အဖွဲ့များ မေတ္တာရပ်ခံ

342

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

လတ်တလော ဂယက်ရိုက်ထွက်ပေါ်လာသည့် ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီအင်အားစု အချင်းချင်းကြား စိတ်ဝမ်းကွဲမှုများမဖြစ်ပေါ်စေရေး သဘောထားကြီးစွာ ညှိနှိုင်းဖြေရှင်းကြရန် တနင်္သာရီအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းများက ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးဆောင်၍ ကော်သူးလေတပ်မတော် ဖွဲ့စည်းတည်ထောင်လိုက်ခြင်းနှင့် ၎င်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်အသီးသီးမှ အသိအမှတ်ပြု လက်ခံခြင်းမရှိသည့် သဘောထားထုတ်ပြန်ချက်များထွက်ပေါ် လာခြင်းကြောင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် ဒီမိုကရေစီ အင်အားစုများအကြား မလိုလားအပ်သည့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း ၎င်း အဖွဲ့များက ဆိုသည်။

အဖွဲ့၏ ပြောခွင့်ရ အမျိုးသမီးတစ်ဦးက “သူတို့ ခေါင်းဆောင်တွေ အချင်းချင်းကြား သေချာတွေ့ဆုံပြီး ပြန်လည် ပြောဆို ဆွေးနွေး ညှိနှိုင်းကြစေချင်တယ်။ ဒါကိုအမြန်ဆုံးမျက်နှာချင်းဆိုင် အကောင်အထည်ဖော်ဖြေရှင်းဖို့ လို လိမ့်မယ်။ ဘာဖြစ်လဲဆိုတော့ အရင်ကတည်းက ဒီလိုကိစ္စတွေရှိခဲ့ဖူးတာပဲ။ ဒါတွေကို သင်ခန်းစာယူပြီးတော့ နောက်တစ်ကြိမ် ဒါမျိုးတွေမဖြစ်အောင်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုဖြစ်ပေါ်လာသည့် ကိစ္စရပ်များကြောင့် မြေပြင်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး နည်းလမ်းပေါင်းစုံ တိုက်ပွဲ ဝင်နေကြသည့် KNU၏ လက်အောက်ခံ KNLA၊ KNDO၏ ကွပ်ကဲမှုအောက်တွင်ရှိနေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်အသစ်ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် မိတ်ဖက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အကြား အငြင်းပွားမှုများရှိလာပါက နောက်ဆက်တွဲပဋိပက္ခများကြောင့် ပြည်သူလူထုများအတွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးထောက်ပြထားသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်၍ ကော်သူးလေ တပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာလိုက်ပြီး ထိုသို့ဖွဲ့စည်းမှုအပေါ် မိခင်ကေအဲန်ယူအဖွဲ့အစည်းနှင့် KNLA ဗဟို ဌာနချုပ်က ၎င်းတို့ ၏ သဘောထားမပါဝင်ကြောင်းနှင့် အသိအမှတ်မပြုကြောင်းဟူ၍ ဇူလိုင်လ ၂၀ ရက်နေ့က သဘောထား ပြန် လည် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း မထုတ်ပြန်ခင် ဇူလိုင်လ အစောပိုင်းတွင် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေတွင် ကေအဲန်ယူနှင့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းပေး ထားသည့် KNDO အထူးတပ်ရင်း(လက်ရှိ ကော်သူးလေတပ်မတော်ဟု ပြောင်းလဲသတ်မှတ်ထား)တို့ အကြား ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့သေးသည်။

ဆက်လက်ပြီး တနင်္သာရီ အရပ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒအမြစ် ဖြတ်တိုက်ထုတ်ရာတွင် မတူကွဲပြားမှုများကို အင်အားတစ်ခုအနေဖြင့် စုစည်းပြီး လက်တွဲ ညီညီဆောင်ရွက် သွားကြရန်လည်း ဆက်လက် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

အလားတူ ကေအဲန်ယူနှင့် KNLA ဗဟို၏ သဘောထားထုတ်ပြန်ချက်များ ပေါ်ထွက်လာပြီးနောက် ယမန်နေ့ ဇူ လိုင်လ ၂၁ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်အဖွဲ့မှ ထုတ်ပြန်ချက်တစ်စောင် ထပ်မံထုတ်ပြန်လိုက်ပြီး ၎င်းတို့ကော်သူးလေတပ်မတော်ဖွဲ့စည်းရခြင်းမှာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ်ခြေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် အင်အားစုများစွာဖြင့် လက်တွဲပူးပေါင်းပြီး တိုက်ခိုက်သွား မည်ဖြစ်ကြောင်းဆိုထားသည်။

၎င်းအပြင် KNLA အနေဖြင့် KNU ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် NCA စာချုပ်အားဖြင့် စစ်ရေး အရ ချုပ်နှောင်ခံထားရ၍ အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား တုံ့ပြန်ရန် အကျပ်အတည်း ဖြစ်နေကြောင်း ဆက်လက်ပြောဆိုထားပြီး ၎င်းတို့ အနေဖြင့် NCA စာချုပ် လွှမ်းမိုးချုပ်နှောင်ခြင်းမရှိသည့် တော်လှန်ရေး တပ်ဖွဲ့ဖြစ်ကြောင်းဖော်ပြထားသည်။

ထိုသို့ NCA အကြောင်းပြချက်အရ ခွဲထွက်ခြင်းဖြစ်သော်လည်း ကေအဲန်ယူအနေဖြင့် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် ပါဝင်တက်ရောက်ခြင်းမျိုးမရှိသလို စစ်တပ်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာသွားရမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ်အပါအဝင် လူမျိုးကြီးဝါဒများကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဟု တရားဝင် ထုတ်ပြန်ကြေညာပြောဆိုထားမှုမျိုးရှိသည်။ တဆက်တည်းတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း KNUနှင့် စစ်ကောင်စီ တပ်တို့အကြား ထိတွေတိုက်ပွဲများလည်း နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။