Home ဆောင်းပါး အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စု

အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စု

1155

အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့

အကြမ်းဖက် (စကစ) စစ်အုပ်စု

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်)

“အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စု”လို့ ခေါင်းစဉ်ပေး ရတာဟာ အောက်ပါအချက်အလက် (၂)ခုကို အခြေခံစဉ်းစားသုံးသပ်ရင်း တွေ့ရှိလာရတဲ့ အနေအထားပေါ်ကနေ သတ် မှတ်ပေးလိုက်တာဖြစ်ပါတယ်။

ပထမ အချက်အလက်က အကြမ်းဖက် (စကစ)စစ်အုပ်စုက တရားဝင်ကြေညာထားတဲ့ အထွေထွေရွေးကောက် ပွဲ(၂၀၂၃ခုနှစ်)ဖြစ်ပြီး ဒုတိယအချက်အလက်ကတော့ အထွေထွေရွေးကောက်ပွဲ (၂၀၂၃ခုနှစ်) ကျင်းပဖို့အတွက် ပြည်တွင်း/ပြည်ပက တစ်စုံတစ်ရာ လက်ခံနိုင်တဲ့ အခြေအနေနဲ့ အခင်းအကျင်းကို အကြမ်းဖက် (စကစ) စစ်အုပ်စုက ဖန်တီးနိုင်/မဖန်တီးနိုင်ဆိုတဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတစ်ခု ပြုလုပ်ဖို့ဆိုရင် ရွေးကောက်ပွဲတစ်ရပ် အောင်မြင်ထမြောက်စွာ ကျင်းပပေးနိုင်မယ့် အခြေ အနေနဲ့ အခင်းအကျင်းတစ်ရပ် မလွဲမသွေ လိုအပ်ပါတယ်။ အဲဒီ အခြေအနေ အခင်းအကျင်းကို ပြည်တွင်း/ပြည်ပက (အထူးသဖြင့် ပြည်တွင်းက) အသိအမှတ်ပြုပြီး လက်ခံဖို့လိုအပ်ပါတယ်။

အဲဒီလို ပြည်တွင်း/ပြည်ပက အသိအမှတ်ပြု လက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး အကြမ်းဖက် (စကစ) စစ်အုပ်စု ဖန်တီးဖော်ဆောင်ပေးနိုင်ပါ့မလား ဆိုတာကို ယနေ့ ပြုလုပ်နေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ လက်တွေ့လုပ်ရပ် များကနေတဆင့် သုံးသပ်လေ့လာကြပါစို့။

မြင်နေရတဲ့ အချက်အလက်တွေအရတော့ ဟန်ကိုယ်ဖို့ဆိုတာကို လိမ်ညာလှည့်စားတဲ့ ဟန်ပြလုပ်ရပ်တွေကို ဆက်တိုက်လုပ်ပြနေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ ပြည်တွင်း/ပြည်ပ ဖိအားပေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ် ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေး စတဲ့ အကြပ်အတည်းပေါင်းစုံနဲ့ မျက်ဖြူဆိုက်နေတာ မဟုတ်ပါလား။ အာဆီယံကပေး နေတဲ့ ထွက်ပေါက်ကိုပင် ငြင်းဆန်နေတယ် မဟုတ်ပါလား။

အဲဒီလို ပြည်တွင်း/ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကပ်ရောဂါဘေး အကြပ်အတည်းပေါင်းစုံ ဆိုက်ရောက် လာအောင် ဘယ်သူကမှ ဖန်တီးဖိတ်ခေါ်လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့သူဟာ အကြမ်းဖက် (စကစ) စစ်အုပ်စု ကိုယ်တိုင်ပဲဖြစ်ပါတယ်။

(၁.၂.၂၀၂၁) ရက်နေ့ အာဏာသိမ်းမှုကနေ တိုက်ရိုက်ပေါ်ထွက်လာတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီလို အကြပ်အတည်းပေါင်းစုံကနေ ထွက်ပေါက်အဖြစ် အထွေထွေရွေးကောက်ပွဲ (၂၀၂၃ခုနှစ်)ဆိုတာကို အကြမ်းဖက် (စကစ) စစ်အုပ်စုက ထုတ်ဖော်ကြေညာထားပါတယ်။

ပထမဆုံးနဲ့ အခြေခံအကျဆုံး အချက်ကတော့ အကြမ်းဖက် (စကစ)စစ်အုပ်စုက ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက ယုံကြည်မှု ရှိ/မရှိ ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။

ပြည်တွင်းပြည်ပက လက်ခံယုံကြည်နိုင်လောက်တဲ့ အခြေအနေ၊ အခင်းအကျင်း ပြည်တွင်းမှာ တည်ရှိနေ အောင် လုပ်ဆောင်ထားဖို့ လက်တွေ့လိုအပ်ပါတယ်။ အဲဒီလို အခင်းအကျင်း အနေအထားမျိုး ဖြစ်ပေါ်လာအောင် အကြမ်းဖက် (စကစ) စစ်အုပ်စုက လက်တွေ့ လုပ်ဆောင်နေပါသလား။

တိုင်းပြည်နဲ့အဝန်း လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များက ခေါင်းကိုသွက်သွက်ခါအောင် ရမ်းပြပြီး အဖြေပေးနေပါ တယ်။

မြို့ပြကျေးလက်ပြည်သူအများစုကြီးက မင်းအောင်လှိုင် ဦးစီးတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုကို မုန်းတီးခါး သီး နာကျည်းနေကြတာကို အထင်းသားမြင်နိုင်ပါတယ်။

နေ့စဉ်နဲ့အမျှ ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ လုယက်သိမ်းပိုက်မှုတွေ၊ ရွာလုံးကျွတ် မီးတင်ရှို့မှုတွေ စတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းမရပ်စဲဘဲ ဘယ်လိုယုံကြည်မှုမျိုးကို ရနိုင်မှာလဲ။
မြို့တိုင်းရွာတိုင်းမှာ မိဘ – သားသမီး – ဇနီး – ယောက်ျား – အစ်ကို – အစ်မ – မောင် – ညီမ စတဲ့ မိသားစုဝင်တစ် ဦးဦး ဖမ်းဆီးခံရ/သတ်ဖြတ်ခံရသူတွေက သူတို့ရဲ့ နာကျည်းခါးသီးမှုတွေကို ဘယ်လိုနည်းနဲ့ အလွယ်တကူ မေ့ပျောက် ချေဖျက်ပစ်နိုင်မှာလဲ။

မိဘကို ဖမ်းလို့မမိတဲ့အခါ သားသမီးကို ဓါးစာခံအဖြစ် ဖမ်းတယ်။ အလားတူပါပဲ။ လင်ယောက်ျားကို ဖမ်းလို့မရ တဲ့အခါ ဇနီးမယားကို ဖမ်းတယ်။ ကလေးသူငယ် လူမမယ်အရွယ်ကိုတောင် ခြွင်းချက်မထားဘူး။ ပြန်ပေးဆွဲသမားတွေ လိုပဲ ပြုလုပ်တယ်။ အဲဒီလို လူမဆန်တဲ့လုပ်ရပ်တွေကို ပြည်သူတွေက ဘယ်လိုနည်းနဲ့ ကျေအေးခွင့်လွှတ်လို့ရနိုင်မှာလဲ။

ရွာလုံးကျွတ်ပြာကျသွားတဲ့ မီးလောင်ပြင်ကြီးတွေ၊ မီးကျွမ်းနေတဲ့ အိမ်တိုင်တွေ စတဲ့ စတဲ့ ဝမ်းနည်းဖွယ် မြင် ကွင်းတွေကို ဘယ်လို မေ့ပျောက်နိုင်မှာလဲ။

ဖမ်းဆီးသွားပြီးနောက် များမကြာမီမှာ အလောင်းပြန်ပို့လာတာ၊ အလောင်းပြန်မရတော့တာ၊ အလောင်း ဖျောက်ခံရတာ၊ မြင်မကောင်း၊ ရှုမကောင်းအောင် ဒဏ်ရာဒဏ်ချက်ပေါင်းစုံနဲ့ သေဆုံးနေတဲ့ မိမိဆွေမျိုးသားချင်းတွေကို မြင်ရတဲ့၊ ကြုံရတဲ့ ပြည်သူတွေအဖို့ အဲ့ဒီလိုအကြမ်းဖက်မှုတွေကို ဘယ်လိုမေ့ပျောက်လို့ရနိုင်မှာလဲ။

ပြည်သူအများစုဟာ သူတို့ ချစ်ခင်လေးစားအားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD)ပါတီကို မဲတွေ တခဲနက်ပေးပြီး ရွေးချယ်ခဲ့ကြတယ်။ အဲ့ဒီလို တိုင်းသိပြည်သိ၊ ကမ္ဘာသိ တရားဝင်ကြေညာပြီးသား ရွေးကောက်ပွဲ ရလာဒ်ကို အကွက်ချ လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေနဲ့ ဖျက်သိမ်းပစ်တယ်။

တရားဝင်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်လူကြီးတွေကို ဖမ်းဆီးထား တယ်။ သူတို့ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုပင် ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အရေးပါတဲ့ခေါင်းဆောင်တွေကို လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက် မျိုးနဲ့ ဖမ်းဆီးထောင်ချထားတယ်။ အဲ့ဒီလို လူမဆန်တဲ့ အကြမ်းဖက်မှုမျိုးစုံကို (၁. ၂. ၂၀၂၂) ရက်နေ့က ဒီကနေ့အထိ မရပ်မနား ကျူးလွန်နေတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုက “လွတ်လပ် တရားမျှတပြီး ဒီမိုကရေစီရှိတဲ့ ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲတစ်ခု ထပ်မံ ကျင်းပပေးမယ်”လို့ ပြောဆိုတာကို ဘယ်သူတွေက ယုံကြည်နိုင်ကြတော့ မှာလဲ။

အကြမ်းဖက်(စကစ) စစ်အုပ်စုနဲ့ အကြမ်းဖက်ခေါင်းဆောင် မိတ်ဖက်ပါတီတွေ၊ လက်သပ်မွေးထားတဲ့ “တိုင်း ရင်းသားအမည်ခံ” ပါတီတချို့ကတော့ လက်ခံတာ၊ ယုံကြည်တာတော့ ရှိချင်ရှိနိုင်ပါတယ်။ အများစုဖြစ်တဲ့ ပြည်သူတွေ ကတော့ လုံးဝ လက်ခံယုံကြည်ကြလိမ့်မယ်တော့ မဟုတ်ပါဘူး။

(NLD)ပါတီ အလုပ်ကော်မတီရဲ့ ကြေညာချက်ပါ သဘောထားအရဆိုရင် အကြမ်းဖက် (စကစ)စစ်အုပ်စုက ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး၊ အသိအမှတ်မပြုဘူး၊ တရားမဝင်ဘူးလို့ ဆိုပါတယ်။ (NLD)ပါတီ ကတော့ ရွေးကောက်ပွဲလုပ်ဖို့ အချိန် ၁နှစ်ခန့်လိုသေးတာမို့ ဒီကာလအတွင်းမှာ ဒီကိစ္စကို မစဉ်းစားသေးဘူး။ နိုင်ငံရေး အခြေအနေဆိုတာ ရက်ပိုင်းအတွင်း အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်လို့လည်း ပြောသံဆိုသံ ကြားရပါတယ်။

ဘာပဲဖြစ်ဖြစ် အကြမ်းဖက်(စကစ)စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲ(၂၀၂၃ခုနှစ်)အတွက် ပြည်တွင်းပြည်ပက လက်ခံယုံကြည်နိုင်လောက်တဲ့ အခင်းအကျင်းတစ်ခုကိုတော့ ခေတ္တခဏဟန်ပြဖြစ်စေ၊ တစ်နပ်စာ အခင်းအကျင်းဖြစ် စေ ပြသဖို့တော့ လိုအပ်နေတယ် မဟုတ်ပါလား။

ဒီလို တစ်နပ်စား အခင်းအကျင်းတစ်ခု လုပ်ပြဖို့ပဲ အကြမ်းဖက်(စကစ)စစ်အုပ်စုအတွက် ကြီးမားတဲ့ အခက်အခဲ ရှိနေပါတယ်။

ဥပမာအားဖြင့် ဟန်ပြအနေနဲ့ ခွင့်ပြုပေးရမယ်။ လွတ်လပ်စွာ ဟောပြောခွင့် စည်းရုံးမဲဆွယ်ခွင့် စတဲ့ အခွင့်အ ရေးတွေကို အသုံးချပြီး အကြမ်းဖက် (စကစ)စစ်အုပ်စုဆန့်ကျင်ရေး အထွေထွေ အုံကြွမှုကြီးတစ်ခုကို ဖော်ဆောင်သွား မယ့် ဘေးအန္တရာယ်ကို သူတို့လန့်နေကြပါတယ်။

ဒါ့အပြင် အာဆီယံ−ကုလသမဂ္ဂအစရှိတဲ့ နိုင်ငံတကာအဝန်းအဝိုင်းက တရားမျှတလွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ အခင်းအကျင်းဖြစ်ဖို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့အတွက် အောက်ပါအချက်အလက်တွေ အခြေခံ အားဖြင့် ဖော်ဆောင်ပေးပါလို့ ဆိုလာရင် အကြမ်းဖက် (စကစ)စစ်အုပ်စု ဘယ်လိုလုပ်မလဲ။

− တိုင်းပြည်နဲ့ပြည်သူက လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ ရွေးကောက်ပွဲကော်မရှင်သစ် ဖွဲ့စည်းပေးပါ။
− တစ်တိုင်းတစ်ပြည်လုံး ထိုးစစ်ဆင် တိုက်ခိုက်နေတာ အားလုံး ရပ်စဲပေးပါ။
− ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်မြင့်တို့ အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေး ပါ။
− လူမျိုးရေး၊ ဘာသာရေးတစ်ခုခုကို အကြောင်းပြပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခု သွေးခွဲရန်တိုက် ဟောပြောနေတာတွေကို ထိထိရောက်ရောက် တားမြစ် အရေးယူပေးပါ စသဖြင့် တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ။

စစ်အုပ်စုက ရွေးကောက်ပွဲတွေ မကြာခဏဆိုသလို လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲတွေကို ပြည်သူတွေကလူထု ဆန္ဒပြပွဲကြီးအဖြစ် အသုံးချခဲ့ပါတယ်။ စစ်အုပ်စုဖက် ပင်းတဲ့ပါတီတွေ (တစည်/ကြံဖွဲ့တို့ကို) အလဲထိုး အနိုင်ယူပြပါ တယ်။ ပြည်သူတွေဟာ သူတို့နှစ်သက်လိုလားတဲ့ ပါတီကို တခဲနက် မဲပေးပြီး ရွေးချယ်ကြပါတယ်။ အဲ့ဒီလိုရွေးချယ်တဲ့ အခါတိုင်းမှာ စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြပြီး “တတိယအကြိမ်”အဖြစ် အတွေ့အကြုံယူဖို့ မလိုအပ်တော့ပါဘူး။

အထက်မှာတင်ပြခဲ့တဲ့ တိုင်းပြည်နဲ့ပြည်သူတွေရဲ့လက်တွေ့အတွေ့အကြုံတွေ ခါးသီး နာကျည်းစရာတွေဘက် ကပြောရင် စစ်အုပ်စုက ကျင်းပပေးမယ် ရွေးကောက်ပွဲကိုပြည်သူတွေက အသိအမှတ်ပြုစရာ လက်ခံယုံကြည်စရာ အချက်အလက်မရှိကြောင်း တွေ့နိုင်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်(စကစ) စစ်အုပ်စုအတွက်ဆိုရင် ရွေးကောက်ပွဲ (၂၀၂၃)က ကျင်းပပေးရမှာပါ။ ဒီအတွက် ဟန်ပြဖြစ်စေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ အခင်းအကျင်းကို ပြည်တွင်းပြည်ပက လက်ခံအသိအ မှတ်ပြုလာအောင် “လုပ်ပြ” ဖို့ လိုအပ်နေပါတယ်။ အဲ့ဒီလို ဟန်ပြပြုလုပ်ဖို့အတွက်လည်း အကြမ်းဖက် (စကစ) စစ်အုပ် စုမှာ အခက်အခဲ ကြီးမားနေပါတယ်။

ဒါကြောင့် အခုလို အထွေထွေရွေးကောက်ပွဲ (၂၀၂၃.ခုနှစ်)ကိုမူတည်ပြီးကြည့်တဲ့အခါ လိုအပ်တဲ့အခင်းအကျင်း နဲ့ အခြေအနေဖန်တီးပေးဖို့ အကြမ်းဖက်(စကစ)စစ်အုပ်စု ရှေ့ဆက်တိုးရခက်၊ နောက်ဆုတ်ရလည်းခက်တဲ့ အကြပ်အ တည်းဆိုက်နေတာကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် “မလုပ်ရဲတာ ဘာမှမရှိ” ဆိုတဲ့ စစ်အုပ်စု မဟုတ်ပါလား။ အကြပ်အတည်းပေါင်းစုံဆိုက်ပြီး ထွက်ပေါက်ပိတ်နေတဲ့စစ်အုပ်စုမှာ ကြေညာထားတဲ့ထွက်ပေါက်အပြင် ကြေညာမထားတဲ့ ထွက်ပေါက်တွေလည်း ရှိထားပြီးသားဖြစ်မှာ သေချာပါတယ်။

ဘယ်လိုထွက်ပေါက်ကပဲထွက်ထွက် စစ်အုပ်စုအတွက် ပိုမို ဆိုးဝါးတဲ့ အကြပ်အတည်းတွေဆိုက်ပြီး အဲ့ဒီ အကြပ်အတည်းတွေထဲမှာ “စစ်အုပ်စု − စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရား”ကို အကုန်အစင် ရိုက်ချိုးပစ်နိုင်ဖို့ ကျနော်တို့အင်အားစုအားလုံး အခုကတည်းက အသင့်ပြင်ဆင်ထားကြဖို့ နှိုးဆော်ပါရစေ။