Home သတင်း နယ်စပ်မှာယူတင်သွင်းသည့် ကုန်ပစ္စည်းများရောက်လာချိန်တွင် ငွေစျေးကွာဟမှုကြောင့် ဖားအံ-မြ၀တီ ကုန်သည်များ အရှုံးပေါ်နေ

နယ်စပ်မှာယူတင်သွင်းသည့် ကုန်ပစ္စည်းများရောက်လာချိန်တွင် ငွေစျေးကွာဟမှုကြောင့် ဖားအံ-မြ၀တီ ကုန်သည်များ အရှုံးပေါ်နေ

776
Photo: CJ

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မှ မှာယူတင်သွင်းသည့် ကုန်ပစ္စည်းများ ပြည်နယ်အတွင်းသို့ ရောက်လာချိန်တွင် ပြည်တွင်းဒေါ်လာငွေစျေး အဆမတန်မြင့် တက်လာနေမှုနှင့်ယခုရက်ပိုင်းအတွင်း ငွေစျေးကွာဟမှု၊ ဒေါ်လာငွေ ပြင်ပပေါက်စျေး(မှောင်ခို) စျေးကွက်မှ ၀ယ်ယူပေးချေရမှုများကြောင့် ဖားအံ-မြဝတီကုန်သည်များနေ့စဉ် အရှုံးပေါ်နေကြကြောင်း ကုန်သည်များက ပြောသည်။

ဖားအံ-မြ၀တီလမ်းကြောင်းမှ ပြည်တွင်းသို့ လျှပ်စစ်ပစ္စည်းတင်သွင်းဖြန့်ဖြူးသည့်ကုန်သည်တစ်ဦးက ” ဒေါ်လာ ကိစ္စ ရိုက်ခတ်မှုက ကရင်ပြည် နယ်မြို့တွေမှာရှိတဲ့ စီးပွားရေးကုန်သည် လက်လီလက္ကား ဖြန့်တဲ့သူတွေ အကုန် အရှုံးပေါ်နေကြတာကြုံလာရပြီ၊ လက်ထဲရှိတာထိန်းထားရမလား၊ အကုန်ထုတ်ပြီးရပ်လိုက်ရမလားဆိုတာ မသိ တော့ဘူးဖြစ်နေတယ်၊ တစ်ဘက်ကိုငွေပြန်ချေရမှာက ဒေါ်လာနဲ့ဆိုတော့ ဒေါ်လာငွေကို အပြင်စျေးကွက်(မှောင်ခို )ကနေပဲ၀ယ်ရတယ်၊ ဘဏ်တွေမှာ တရား၀င်၀ယ်ဖို့က ကုန်သွယ်တဲ့စာရွက်စာတမ်းတွေနဲ့ သွားရထုတ်ရ တာဆိုတော့ အဆင်မပြေဘူး။ “ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ဇူလိုင်လ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ ဗဟိုဘဏ်မှ ပြည်တွင်းပြည်ပနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅% ရာခိုင်နှုန်းပါ၀င် ထူထောင်သည့် ကုမ္ပဏီများမှ နိုင်ငံခြားငွေ ဒေါ်လာများအား စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်စျေး တစ်ဒေါ်လာ ၁၈၅၀ ဖြင့် ဇူလိုင်လ ၂၁ ရက် နောက်ဆုံးထားလဲလှယ်ကြရန် အမိန့်ကြေငြာ စာထုတ် ပြန်ပြီးသည့်နောက်ပိုင်း မြန်မာပြည်တွင်းကုန်သည်လုပ်ငန်းကြီးများ အခက်အခဲကြုံတွေ့ကြရသည်ဟု သိရသည်။

ထို့အတူ နယ်စပ်မြို့များရှိ နိုင်ငံခြားငွေဖြင့် ဆက်စပ်လုပ်ကိုင်ရသည့် စီးပွားရေးလုပ်ငန်းရှင်များ စစ်ကောင်စီကန့် သတ်သည့် ဒေါ်လာငွေကြေးထိန်းချုပ်မှုများကြောင့် နေ့စဉ်အရောင်းအ၀ယ်လုပ်နေရင်းနှင့်ပင် အရှုံးပေါ်နေသည့် အခြေအနေကြုံနေကြရကြောင်း ထိုင်းနိုင်ငံဘက်မှ မိုဘိုင်းဖုန်းနှင့် ဖုန်းဆက်စပ်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးသူတစ်ဦးက ယခုလို ပြောသည်။

” အခုက နိုင်ငံခြားငွေ ကိစ္စက စစ်အာဏာသိမ်းတဲ့အုပ်စုက ထိန်းချုပ်သိမ်းဆည်းဖို့လုပ်တာဆိုတော့ နိုင်ငံခြား ဘက်နဲ့ကိုယ်ပိုင်အရောင်းအ၀ယ်လုပ်တဲ့ နိုင်ငံခြားငွေ ဒေါ်လာကို မြန်မာငွေ ၁၈၅၀ နဲ့လဲပေးရမယ်၊ တစ်ခါပြန်လို ချင်ရင် သူတို့ဆီမှာ ခွင့်ပြုချက်နဲ့ ပြန်၀ယ်ရမယ်ဆိုတဲ့ အမိန့်ကြောင့် ဖားအံ -မြ၀တီကုန်သည်တွေ ၊ လုပ်ငန်းရှင်တွေ သိန်း ၃၀၊၄၀၊ ၅၀ ကနေ ၁၀၀ ကျော်အထိအရှုံးပေါ်တာ ဖြစ်လာနေပြီ၊ အပြင်က ဒေါ်လာစျေးက ၂၅၀၀ အထိတက်လာနေတော့ မရှုံးရင်ဘာခံနိုင်တော့မလဲ” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံခြားဒေါ်လာငွေအပေါ်ကန့်သတ်ထိန်းချုပ်သည့် အမိန့်ကြေငြာချက်များ ၊ ပြည်တွင်းပြည်ပကုန်သွယ်လုပ်ငန်းများအပေါ် ကန့်သတ်ထိန်းချုပ်သည့် အမိန့်ကြေငြာချက်များကြောင့် တိုင်းပြည် စီးပွားရေးနှင့် လူမှုဘ၀ဆင်းရဲမွဲတေမှုများ ကြုံတွေ့လာရတော့မည့် အခြေအနေအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ကမ္ဘာ့ဘဏ်အဖွဲ့အစည်းကြီးမှ မြန်မာပြည်စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးတိုးတက်မှု နှုန်း GDP သည် ၂၀၁၉ ခုနှစ်ကထက် ၁၃ %ရာခိုင်နှုန်း ဆက်တိုက်ကျဆင်းလာနေကြောင်း၊ ၂၀၂၂ခုနှစ်အတွင်း မြန်မာပြည်သူ ၄၀ %ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုအဆင့် အောက်ရောက်ရှိကာ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုများ ယခင်ကထက် နောက်ပြန်လှည့်သွားသကဲ့သို့ ဖြစ်ပေါ်နေကြောင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ (ဒေါ်လာငွေ) အပေါ် ကန့်သတ်ထိန်းချုပ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာပြည်တွင်းသို့ တင်သွင်းနေသည့် စားသောက်ကုန်၊ အိမ်သုံးကုန်၊ လူသုံးကုန်ပစ္စည်းများ ၊ ဟင်းသီးဟင်းရွက်၊ သား/ငါးထုတ်ကုန်များ၊ စျေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း၊ မြန်မာပြည်ဘက်မှ တင်ပို့သည့် ဆန်၊ ကြက်သွန်၊ အာလူး၊ ပြောင်းစေ့၊ ငရုပ်သီးခြောက် ၊ပင်လယ် ရေထွက်ကုန်များ ပေါက်စျေးဖွင့် ရောင်းချရန် အခက်ကြုံနေရသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံဘက် အခြမ်းတွင်လည်း၊ ဘတ်ငွေစျေး၊ဒေါ်လာငွေစျေးနှုန်းမတည်ငြိမ်မှုများကြောင့် နှစ်နိုင်ငံလက္ကားကုန်သည်ကြီးများ ကုန်ရောင်းကုန်၀ယ်ကိစ္စများ ရပ်တန့်သွားမည့် အရေးကြုံတွေ့နေရကြောင်း မြ၀တီ-မဲဆောက်ကုန်သည်ကြီးများအသင်းနှင့်နီးစပ်သည့် ကုန်သည်များက ပြောဆိုကြသည်။