Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

633

ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ဘေးရှောင်အခြေအနေနှင့် ၎င်းတို့၏ သားသမီးပညာရေး အခြေအနေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးလာခြင်းနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ကေအိုင်စီက ဥကရစ်ထကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးအား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

မေး – အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဘယ်လိုလုပ်ရပ်တွေကြောင့် ကျေးရွာရပ်မိရပ်ဖတို့ရယ်၊ အထူးသဖြင့် ရွာသား တွေရယ်၊ အိုးအိမ်စွန့်ခွာလာပြီးတော့ ထွက်ပြေးလာရတဲ့အကြောင်းရင်းကို ရှင်းပြပေးလို့ရမလား ခင်ဗျ။
ကျနော်တို့ရဲ့ရွာထဲမှာဆိုတော့ ရွာအလယ်ခေါင်တည့်တည့်မှာ စခန်းတည်ထားတယ်ဆိုတော့ အဲ့ဒီကျနော်တို့ရဲ့ ရွာသူရွာသားတွေကလည်း စခန်းနဲ့အိမ်နဲ့ နီးကပ်တဲ့အတွက် အလုပ်အကိုင်စားသောက်တဲ့နေရာမှာ သွားလာရေး လမ်း ခရီးတွေက အခက်အခဲရှိတယ်။ ဘယ်လိုအခက်အခဲရှိလည်းဆိုတော့ ဟိုကုန်ပစ္စည်းတင်တာတို့၊ လုပ်ငန်းသွားတာတို့ အဲ့ဒါ အစစ်ဆေး၊ အမေးမြန်းတွေ သိပ်ထူအားကြီးလွန်းလို့ အဲ့ဒီကိစ္စလေးတွေ နောက်ပြီးတော့ ရွာသားတွေကလည်း ရွာနဲ့ တပ်နဲ့ တအားကပ်နေတယ်ဆိုတော့လည်း နေရထိုင်ရတာ သိပ်မပိုင်ဘူးပေါ့။ နောက်ပြီးတော့ လူသွားလူလာလည်း အစစ်အဆေး၊ မေးမြန်းတာတွေရှိတော့ ရွာထဲမှာ ရွာသူရွာသားတွေကလည်း အဲ့ဒါတွေကို မကြိုက်နှစ်သက်ဘူးလေ။

နောက်ပြီးတော့ သူတို့ကလည်း ဟို တစ်ခါတစ်လေ ရွာကိုစိုးမိုးချင်တဲ့သဘော၊ အချိန်အခါမရှိ ကန့်သတ်ချင်တဲ့ သဘော။ အဲ့ဒီသဘောလေးတွေကို ကျနော်တို့ကလည်း မလိုက်(လိုက်လျော)နိုင်ဘူး။ အဲဒီအကန့်အသတ်လေးတွေနဲ့ သူတို့စည်းကမ်းကို ကျနော်တို့က မလိုက်နိုင်ဘူး။ ကျနော်တို့နည်း၊ ကျနော်တို့ စည်းမျဉ်းစည်းကမ်းနဲ့ ကျနော်တို့ သွားလာ တာကို သံသယနဲ့ အဲဒါတွေ အထစ်အငေါ့လေးတွေ ရှိကြတာပေါ့။

မေး – ရွာထဲကို လက်နက်ကြီးပစ်ချတာမျိုးက ရွာသားအိမ်တွေထိတယ်။ အဲဒါ ရွာသားတွေ လုပ်စားကိုင်စားလို့ မရ တော့ဘူး။ အသက်လုပြီး ထွက်ပြေးနေကြရတဲ့ အခြေအနေတွေရှိတော့ အဲ့အခြေအနေလေး ပြောပြပေးပါခင်ဗျ။
အဲ့ဒီအခြေအနေမျိုး ဖြစ်လာတဲ့အခါကျတော့ ရွာထဲမှာ တိုက်ပွဲဖြစ်ရော။ ရွာထဲမှာတိုက်ပွဲဖြစ်လာတဲ့အခါကျ တော့ လက်နက်ကြီးတွေကလည်း ရွာထဲမှာ တစ်ဘုံးဘုံး ချတယ်။ ရွာနားတွေ၊ ရွာဘေးတွေ၊ နောက်ပြီးတော့ ကျေးရွာရဲ့ ပတ်ဝန်းကျင်ဘေးကလည်း ပတ်ပတ်လည် တောင်ယာစိုက်ခင်းတွေ၊ အလုပ်သမားတွေ ရှိကြတယ်လေ။ ရှိကြတဲ့အခါ ကျတော့ အဲ့လိုမျိုး လက်နက်ကြီးကျတဲ့အခါ ရွာထဲမှာလည်း ကျနော်တို့ရွာသူရွာသားတွေက နေလို့မရသလို လုပ်ငန်း ပိုင်းမှာလည်း ဘယ်နေရာမှ နေလို့မလွတ်တဲ့အတွက် ကျနော်တို့ရွာသူရွာသားတွေက အခု စစ်ဘေးရှောင်ပြီးတော့ လိုက် ပြီးတော့ လွတ်လပ်တဲ့၊ လက်နက်ကြီးကျတဲ့ လွတ်တဲ့နေရာတွေ လိုက်နေရတာပေါ့။

မေး – တိုက်ပွဲစဖြစ်ကတည်းကနေ ကျေးရွာရပ်မိရပ်ဖတို့ ထွက်ပြေးတိမ်းရှောင်လာရတာ ဘယ်လောက်ကြာပြီလဲဆို တာ တစ်ဆင့်ချင်းစီ ပြောပြပေးပါခင်ဗျ။
ကျနော်တို့ ဟိုး ၂၀၂၁.၁လပိုင်းကနေပြီးတော့ ပြေးနေရပြီးပေါ့။ အဲ့ဒီမှာ ရုတ်ရုတ်ဖြစ်တော့ ၂လပိုင်းမှာ ကျနော် တို့ ဒီနီးစပ်ရာချောင်းကမ်းနားမှာ ကျနော်တို့တွေ ရှောင်လာရတာပေါ့။ မရှောင်လည်း မရတော့ဘူးလေ ဆရာရဲ့။ လက် နက်ကြီးတွေကလည်း တစ်ဘုံးဘုံးကျနေတော့ ရွာထဲကို အဲ့ဒီကနေစပြီးတော့ ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရ တာပေါ့။ ကျနော်တို့ ရွာသူရွာသားတွေက ကျနော်တို့ အဲ့ဒီလိုမျိုး စဖြစ်တဲ့အချိန်မှာပဲ ပြောင်း(ပြောင်းဖူး)လည်း ချိုးရမဲ့ အချိန် ရောက်လာပြီးလေ။ ချိုးရမဲ့အချိန်ရောက်လာပြီးဆိုတော့ ကျနော်တို့က ချောင်းကမ်းပါးနေပြီးတော့ပဲ ပြောင်းကို ဒီဥကရစ်ထအရှေ့ဘက် ထိုင်းနယ်စပ်ချောင်းကမ်းပါးမှာ ကျနော်တို့ ယာယီက ၂လ-၃လလောက် ကြာသွားတယ်။

အဲ့ဒီမှာနေပြီးတာနဲ့ပဲ ပြောင်းကို ပြီးအောင်ချိုးတယ်။ ချိုးပြီးတာနဲ့ပဲ ပြောင်းလည်း(ချိုး)ပြီးရော တိုက်ပွဲကြီးက လည်း ထဖြစ်လာတော့ အဲ့ဒီမှာ အကြိမ်ကြိမ်အခါခါ လက်နက်ကြီးကလည်း မလွတ်တော့ဘူး။ ချောင်းကမ်းနားဘေးက လည်း မလွတ်တဲ့အကြိမ်အခါ ဖြစ်လာတဲ့ပေါင်းများလာတော့ လက်နက်ကြီးကျတဲ့ လွတ်မြောက်တဲ့နေရာကို ပြောင်းရွှေ့ ကြတာပေါ့။ အဲဒါပြောင်းရွှေ့နေရင်းနဲ့ပဲ အခုပွဲကြီးပွဲကောင်းတွေ ဖြစ်လာတဲ့အခါကျတော့လည်း လေယာဉ်ကနေပစ်တဲ့ သေနတ်တွေ၊ ဗျူဟာကပစ်တဲ့ လက်နက်ကြီးတွေကို ကျနော်တို့တွေ လွတ်အောင်ရှောင်ပြီးတော့ ဟိုရွာသူရွာသား လည်း တစ်စုကနေပြီးတော့ သုံးစု အစိတ်စိတ် အမွှာမွှာကွဲပြီးတော့ ကိုယ်လွတ်အောင်၊ သူလွတ်အောင် ရှောင်တိမ်းနေရ တာ ကနေ့အချိန်ထိပေါ့။

မေး – နောက်တစ်ခုက တိမ်းရှောင်ရတာလည်း လက တော်တော်ကြာနေပြီးဆိုတော့ အခု လုပ်စားကိုင်စားလို့လည်း မရဘူး။ အိမ်တွေလည်း စွန့်ပစ်ထားရတဲ့ အနေအထားပေါ်မှာ ကျေးရွာရပ်မိရပ်ဖတို့ အဓိက ဆုံးရှုံးသွားတဲ့ဟာတွေက ဘာတွေရှိနိုင်မလဲ။ အရင်က အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ခဲ့တဲ့ နယ်မြေကနေ အခု စစ်မြေပြင်တလင်း ဖြစ်သွားတော့ အဓိက ဆုံးရှုံးသွားတဲ့ဟာတွေက ဘာတွေဖြစ်နိုင်မလဲ။
ကျနော်တို့တွေလည်း အဲ့လိုမျိုး ထွက်ပြေး၊ ထွက်ရှောင်ပြီးတော့ ရွာမှာလည်း အခု အိမ်တွေလည်း မီးလောင် တယ်။ မလောင်တဲ့အိမ်တွေလည်း ပျက်စီးကုန်ပြီး။ အိမ်ယာတွေလည်း ဆုံးရှူံးခံရတယ်။ နောက်ပြီးတော့ တောင်ယာ တွေလည်း ပြန်လုပ်လို့ရတယ်ဆိုပြီးတော့ ပြန်လုပ်တယ်။ လတ်တလော ရုတ်တရက် တိုက်ပွဲကြီးတွေ ထဖြစ်လာတဲ့အခါ ကျတော့ အခုတောင်ယာတွေက လုပ်လို့လည်း မရတော့ဘူး။ လုပ်လို့မရတော့ အခု လုပ်ငန်းပိုင်ရှင်တွေဆီမှာ တောင် ယာသမားတွေ၊ ပြောင်းစိုက်တဲ့ တောင်သူဦးကြီးတွေက အခု အကြွေးလေးတွေတင်ကြတာပေါ့။ အကြွေးတွေတင်တော့ လာမဲ့ ပြောင်းချိုးချိန်မှာဆို ဒီဥစ္စာတွေကို ဘယ်လိုဆပ်ရမလဲ။ အဲဒါတွေကို အဆုံးရှူံးခံရအုံးမယ်။ ဘယ်လိုမျိုး လုပ်ရအုံး မလဲဆိုတော့ အဲဒါလည်း အပူတစ်ခုဖြစ်တယ်။

နောက်ပြီးတော့ ကျေးရွာမှာရှိတဲ့ အိုးအိမ်ခြံမြေတွေလည်း မီးလောင်တဲ့ဟာက လောင်တယ်။ လက်နက်ကြီးထိ တဲ့ဟာ ထိတယ်။ ပျက်စီးတဲ့ဥစ္စာကိုလည်း အဆုံးရှူံးခံရတယ်။ ကြားကာလနေပြီးတော့ ရွာကိုလည်း ပြန်နေလို့မရ၊ လုပ် ငန်းလည်း ပြန်လုပ်လို့မရ။ ပြီးတော့ အခုလွတ်တဲ့နေရာ စစ်ဘေးရှောင်နေရတာ ကျန်းမာရေးလည်း ထိခိုက်လာတယ်။ စားဝတ်နေရေးလည်း နည်းနည်း ကြပ်တည်းလာတာပေါ့။ အဲ့ဒီဒုက္ခတွေကို အခု ကျနော်တို့ ခံစားနေရတာ။ ဒါပေမဲ့ ဝိုင်းဝန်းကူညီပြီးတော့ လှူဒါန်းတဲ့ဥစ္စာတွေလည်း လာရတဲ့အခါကျတော့ ကိုယ် စားရတယ်။ လာလို့မရတဲ့အခါကျတော့ ကျနော်တို့ ရွာသူရွာသားတွေက အဖက်ဖက်ကနေပြီးတော့ အဆုံးရှူံး၊ အနစ်နာခံပြီး ကောင်းကောင်းမွန်မွန် ကိုယ်နေခဲ့ တဲ့ ကိုယ့်ရွာလေးကို မနေရ။ တစ်ခြားနေရာမှာ လွတ်မြောက်အောင်နေရတော့လည်း အခက်အခဲတွေ အများကြီး ကြုံ တွေ့နေရတာပေါ့။

မေး – တစ်နေရာပြီးတစ်နေရာ ပြောင်းရွေ့နေရတော့ မပြီးဆုံးနိုင်ပြီးပေါ့။ အဲ့ဒီအပေါ်မှာ ဒီအခက်အခဲကြားကနေ ဘယ်လိုရှင်သန်ဖို့ ကြိုးစားနေရသလဲဆိုတာ ရှင်းပြပေးပါအုံးခင်ဗျ။
အခက်အခဲပေါင်းများစွာမှာ ကျော်လွှားနေရင်းနဲ့ နောက်ဆုံးတော့ ရွာကိုလည်း ပြန်လို့မရ၊ လုပ်ငန်းပိုင်းကိုလည်း အခု စွန့်ပစ်ရ။ ဒုက္ခသုက္ခနဲ့ အခု သူများနိုင်ငံမှာပုန်းရှောင်ပြီးတော့ နေရ၊ ခံစားရမဲ့တူတူတော့လည်း တိုက်မဲ့သူကလည်း နိုင်အောင် တိုက်ထုတ်လိုက်တော့ပေါ့။ အကုန်လုံး ပျက်စီးကုန်ပြီးဟာ။ သူတို့နိုင်အောင်တိုက်မှသာလျှင် ရွာကိုပြန်လို့ရ မှာပေါ့။ အခု တစ်ရက် တစ်ရက်ကတော့ သူများပံ့ပိုးကူညီလှူထားတဲ့ဟာနဲ့ပဲ ချွေတာပြီးတော့ စားရတာပေါ့။ အရင်က သူများလာလို့ရတဲ့အချိန်၊ သူများလှူရတဲ့အချိန်တုန်းက အဲ့တာလေးနဲ့ပဲ ချွေချွေတာတာလေးနဲ့ပဲ စားနေရတာပေါ့။ နေ့စဉ် နေ့တိုင်း ဘာအလုပ်မှလုပ်လို့မရဘူး။ အခုရှောင်နေတဲ့နေရာမှာလည်း ဒီလိုမျိုးပဲ။ အပြင်လည်းထွက်လို့မရ။ ထိုင်း စစ်သားတွေကိုလည်း ကြောက်ရသေးတယ်။ ကိုယ့်ဘက်ကမ်းကို ပြန်ကူးဖို့ကလည်း ကိုယ့်ဘက်မှာလည်း အမြဲအတည် နေလို့မရဲဘူး။ ဒီလိုပဲ နားလည်မှုယူပြီးတော့ ဟိုဘက်ပြန်ရွှေ့နေလိုက်၊ ဒီဘက်ပြန်ရွှေ့နေလိုက် အဲ့လိုပဲ လုပ်နေရတယ်။

မေး – အခုဆိုရင် ကိုဗစ်ဖြစ်ပြီးကတည်းက ကလေးတွေ ကျောင်းမတက်ရတာ ၂နှစ်တောင်ရှိသွားလို့ ၃နှစ်ထဲတောင် ဝင်နေပြီးပေါ့နော်။ ပြေးရင်းလွှားရင်းနဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ အနာဂတ်စိုးရိမ်ချက်တွေကို လူကြီးတစ်ယောက်အ နေနဲ့ ဘယ်လိုခံစားရလဲ။
အနာဂတ်ကတော့ ဒီနားမှာ စစ်ဘေးရှောင်အဖွဲ့တွေကတော့ စာဖတ်ခိုင်းပေါ့။ ကလေးတွေကလည်း ကျောင်း ပျက်တာတွေ တစ်နှစ်ကနေပြီးတော့ သုံးနှစ်အထိရှိလာပြီး။ အဲ့ဒါ ကျောင်းနေခဲ့တဲ့ကလေးတွေလည်း မမေ့လျော့ရ အောင် စာဖတ်ဝိုင်းလေးတော့ ကျနော်တို့ စီစဉ်ထားပေးတယ် ဆရာ။ ကျနော့်အနေနဲ့ကတော့ တအား ခံစားရတာပေါ့။ ဒီကလေးတွေရဲ့ အနာဂတ်အတွက်က ပညာမရှိ၊ အမြင်မသိတဲ့ အသိတရားမရှိတဲ့လူ ဖြစ်လာမှာကို ကျနော် အားကြီး စိုးရိမ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ အခု ၁နှစ်ကနေ ၂နှစ်ပြီးတဲ့အခါကျရင် ၃နှစ်ကလေးတွေရဲ့ ပညာရေးလမ်းကြောင်း အတွက် အခွင့်အလမ်း အများကြီးနစ်နာတယ်။

နိုင်ငံတကာနဲ့ ပြန်ကြည့်လိုက်လို့ရှိရင် ဒီကလေးတွေက တစ်နေ့ကျရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဖြစ်လာမဲ့ကလေးတွေ ဖြစ်သည့်အတွက် အခုလိုမျိုး စစ်ရေးကာလမှာ ပညာရေးကို အဆုံးရှူံးခံရတဲ့ အတွက် ကလေးတိုင်းကို တကယ့် ကျနော်တို့နိုင်ငံကြီးသာ အနာဂတ်ဖြစ်လာမဲ့ ဒီကလေးတွေ လူတော်လူကောင်လေး တွေလေး နစ်နာတာ တစ်ပုံကြီးရှိတယ်။ ကလေးအတွက်မှာလည်း အညွှန့်တက်မဲ့ကလေးတွေအတွက် အညွှန့်ချိုးခံထား ရတဲ့ ကလေးတွေအတွက် ကျနော်တွေးလိုက်မယ်ဆို စိတ်မကောင်းဘူး။

မေး – တိုက်ပွဲတစ်ခုဖြစ်ပြီးဆိုရင်တော့ စစ်ကောင်စီတပ်က အရပ်သားမရှောင်၊ ကျေးရွာမရှောင် ဗုံးကြဲတိုက်ခိုက်မှု တွေရှိနေတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ဖြစ်နေတယ်။ အဲ့ဒီဗုံးကြဲတိုက်ခိုက်တဲ့အပေါ်မှာလည်း အရပ်သားသေဆုံးမှု တွေရှိတာ ကြားသိနေရတယ်။ မြင်တွေ့နေရတယ်။ ဒီလုပ်ရပ်တွေပေါ်မှာ အရပ်သား ရွာသားတစ်ယောက်အနေနဲ့ ဘယ် လိုပြောချင်လဲ။
လုပ်ရပ်အပေါ်မှာ ကျနော် ရွာသားအနေနဲ့ပြောရင်တော့ ရွာထဲမှာ တိုက်ပွဲ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လက်နက် ကြီးကျည်ဆံဟာ ရွာထဲကို၊ အရပ်သားဘက်ကို ထိမှန်တာတွေ၊ သေဆုံးတာတွေ အဲ့လိုမျိုးမဖြစ်သင့်မဖြစ်ထိုက်တဲ့ အလုပ်မျိုးတော့ ရှောင်ရှားသင့်တယ်လို့ ကျနော် ထင်မိတယ်။

မေး – စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရွာထဲမှာရော ဘယ်လောက် ထိခိုက်ပျက်စီးသွားလဲဆိုတာလေး နည်းနည်း ပြောပြပေးပါအုံးခင်ဗျာ။
ထိခိုက်ပျက်စီးကတော့ အိမ်တိုင်းလိုလိုပဲ ဆရာရေ။ လေယာဉ်ကလည်း အကြိမ် ၁၂၅ကြိမ်လောက် လာကျဲသွား တာဆိုတော့ ဘာမှရစရာရှိတော့မှာ မဟုတ်ဘူး။ မီးလောင်တဲ့အိမ်လည်း လောင်ကုန်ပြီး။ မလောင်တဲ့အိမ်တွေလည်း ကျိုးပဲ့ကုန်ပြီး။ နောက်ပြီး ရှိနေတဲ့ ပဲ၊ ပြောင်းတွေ မစိုက်ရဘဲနဲ့ ပဲ၊ ပြောင်းတွေဝယ်ပြီးတော့ တချို့လူတွေက အိမ်မှာထား ထားတယ်။ ပဲ၊ ပြောင်းတွေ စိုက်ပျိုးမဲ့သီးနှံပစ္စည်းတွေ ဝဲ(မြေဩဇာ)တွေ ဘာတွေဟာလည်း အကုန်လုံး ဆုံးရှူံးနစ်နာ ကုန်ပြီး။ လက်နက်ကြီးထိတော့ ဝဲတွေလည်းမီးလောင်၊ တချို့ဝဲတွေလည်း မီးမလောင်ဘဲနဲ့ လက်နက်ကြီးတွေနဲ့ ထိထား တာတွေနဲ့ အိမ်တွေလည်း ပျက်စီး။ အဲ့ဒီဝဲတွေလည်း အကုန်လုံး ပေါက်ပြဲသွားကုန်ပြီ။

လက်နက်ကြီးမကျခင်တုန်းက ရွာမှာရှိတဲ့ သူများဝဲတွေက အိတ်လေးငါးရာ။ တချို့အိတ်တွေက ဒီလိုမျိုး သိမ်း ထားတာကို လုပ်ငန်းသုံးမို့၊ တောင်ယာမှာသုံးမို့ အဲ့ဒီဥစ္စာတွေကို တပ်ကလည်းယူပြီးတော့ သူတို့စခန်းထဲမှာ စီထား တယ်။ သူတို့စခန်းထဲမှာ အဲ့ဒီကရှိတဲ့ သစ်တွေ၊ ဝါးတွေယူ။ သူတို့စခန်းကို သူတို့ကာ။ ပြည်သူတွေက အဖက်ဖက်ကနေ အကုန်လုံးနစ်နာပြီးတော့ ခံနေရတာပေါ့။ ဆုံးလည်းဆုံးရှူံးသေးတယ်။ အနစ်နာလည်းခံရတယ်။ နစ်နာတာထက်ကို ပိုပြီးတော့ အခက်အခဲဖြစ်နေတယ်။

မေး – တိုက်ပွဲတွေကြားမှာ ကြားညှပ်ခံရတဲ့ ပြည်သူလူထုမို့လို့ နောက်ဆုံးအနေနဲ့ ကျေးရွာရပ်မိရပ်ဖအနေနဲ့ ကိုယ့် ရဲ့ဆန္ဒပေါ့ ဘာတွေထပ်ပြီးတော့ ပြောချင်သေးလဲခင်ဗျ။
နောက်ဆုံးတော့ ကျနော့်ဆန္ဒအနေနဲ့ မေတ္တာရပ်ခံချင်တာက ဒီစစ်ပွဲကြီးက မြန်မြန်ပြီးဆုံးပါစေ။ အကောင်းဆုံး နိုင်ငံကို အုပ်ချုပ်နိုင်မဲ့ အစိုးရအသစ်တစ်ရပ်၊ အစိုးရခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်ထွန်းပါစေလို့ ကျနော် အဲ့လို မျိုး မေတ္တာရပ်ခံပြီးတော့ ဆုတောင်းလည်း ဆုတောင်းတယ်။