Home သတင်း ကုန်တင်ကားသွားလာမှုကြောင့် ပျက်စီးသွားသည့် ရွာချင်းဆက်လမ်းများကို ဂိတ်ကြေးကောက်အဖွဲ့များ ပြုပြင်ပေးရန် ဒေသခံများ လိုလား

ကုန်တင်ကားသွားလာမှုကြောင့် ပျက်စီးသွားသည့် ရွာချင်းဆက်လမ်းများကို ဂိတ်ကြေးကောက်အဖွဲ့များ ပြုပြင်ပေးရန် ဒေသခံများ လိုလား

1103
Photo: CJ

ဇူလိုင် ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာပြည်အတွင်းသို့ အကောက်အခွန်မဲ့ ကုန်စည်တင်ဆောင်သည့် ကားများသည် ဒေါနတောင်လမ်းကြောအဟောင်းမှတဆင့် ကော့ကရိတ်-နဘူး-ထီလုံ-ဖားအံလမ်းတွင် သွားလာရင်း လမ်းပျက်စီးသည့်အတွက် လမ်းရှိ ဂိတ်ကြေးကောက်အဖွဲ့များက လမ်းပြုပြင်ပေးရန် ဒေသခံပြည်သူများက လိုလား နေကြသည်။

စစ်အာဏာသိမ်းပြီးနောက် အဆိုပါ တရားမဝင် ကုန်တင်ကားများသည် မူလ အာရှလမ်းမကြီးအတိုင်း လမ်းကြောင်းကို အသုံးမပြုကြတော့ဘဲ ကော့ကရိတ်မှ ဖားအံမြို့အထိ ကျေးရွာချင်းဆက်လမ်းများကို ပြောင်းလဲအသုံးပြုကာ သွားလာ နေကြပြီး ၎င်းလမ်းတစ်လျှောက်ရှိ ကျေးရွာထိပ်များတွင် စစ်ကောင်စီတပ်၊ BGF နှင့် ဒေသတွင်း အပစ်ရပ် KNU/KNLA-PC အဖွဲ့များက အကောက်ခွန်ဂိတ်များ ဖွင့်လှစ်ကာ နေ့စဉ် ကောက်ခံလျက်ရှိကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးက “မိုးရွာလေ လမ်းက ပိုပျက်လာလေပါပဲ။ ရွာက ဘုန်းကြီးတို့၊ ရွာလူကြီးတို့လည်း သူတို့ လက်နက်ကိုင် တွေကို လမ်းပြင်ပေးဖို့ သွားမပြောရဲကြဘူး။ အပစ်ခံရမှာ ကြောက်နေကြတယ်။ တံတားတွေလည်း ထီဖိုးစံ-နောင်တပွဲ ဘက်ဆိုရင် ၃/၄ ခုလောက် ကျိုးပျက်နေပြီ။ နဘူး၊ ဒေါ်လန်း၊ ထီလုံဘက်အထိဆို ဘယ်လောက်အထိ လမ်းပျက်စီးနေမ လဲဆိုတာ စဉ်းစားသာကြည့်တော့။ လက်နက်ကိုင်အဖွဲ့ဂိတ်တွေ ၃၀လောက်အထိရှိနေတော့ ရွာသား ကားတွေ၊ ဆိုင်ကယ်တွေ သွားလာရတာ ခက်မှခက်ပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေါနတောင်ကြောလမ်းဟောင်းပေါ်တွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဂိတ်များရှိပြီး ကျေးရွာများဘက်တွင်မူ BGF နှင့် KNU/KNLA-PC အဖွဲ့ ဂိတ်များရှိကာ လမ်းကြောင်းတစ်လျှောက် ဂိတ်ပေါင်း ၃၀ခန့်ရှိကြောင်း၊ ထိုသို့ ရွာလမ်းများကို အသုံးပြုသွားလာနေခြင်းကြောင့် ကျေးရွာလမ်းတံတားများ ပျက်စီးမှုများရှိပြီး ဒေသခံများအနေဖြင့် လမ်းပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးရန်အတွက်လည်း ဂိတ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့များကို မပြောဆိုရဲကြဘဲ ဖြစ်နေသည်။

သို့သော် ငွေကောက်ခံဂိတ်များမှ ဝင်ငွေရရှိသဖြင့် ဂိတ်ကြေးပေးဆောင်ကာ မိုးတွင်းကာလ သွားလာနေသည့် ကုန်ကား များကြောင့် ပျက်စီးခဲ့ရသည့် ရွာချင်းဆက်လမ်းများကို ပြန်လည် ပြုပြင်ပေးစေလိုကြောင်းလည်း နောင်တပွဲဒေသခံ တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ငွေတောင်းတဲ့ ဂိတ်ထောင်တဲ့ အဖွဲ့အစည်းက သူတွေ ရွာမှာ အိမ်တွေဆောက်၊ ကားတွေ ၀ယ်၊ ရွှေတွေ၀ယ်တဲ့အထိ ၀င်ငွေကောင်းနေကြတယ်။ မှောင်ခိုကားတွေ ဖြတ်သွားနေတာ တစ်နေ့ကို အစီး တစ်ရာနဲ့ နှစ်ရာ၀န်းကျင်ရှိတယ်။ ကားသေးတစ်စီး ၅ထောင်ကနေ ကားကြီးတင်လာတဲ့ ပစ္စည်းပေါ် မူတည်ပြီး ၃သောင်း၊ ၄သောင်း၊ ၅သောင်း ကောက် တာရှိနေတော့ တစ်နေ့ကို ငွေတောင်းဂိတ်တွေ ၀င်ငွေက သိန်းရာချီ ရှိနေတယ်၊၊”ဟု ၎င်းက ပြောသည်။

Photo: CJ

ယင်းလမ်းကို အသုံးပြု သွားလာနေသည့် ကုန်တင်ကားများတွင် ထိုင်း-မြန်မာနယ်စပ် BGF ဂိတ်များမှ တင်သွင်းလာ သည့် စားသောက်ကုန်၊ စက်ပစ္စည်း၊ ယာဉ်ယန္တရားများ၊ အိမ်ဆောက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း၊ ဖုန်းနှင့် ဖုန်းအပို ပစ္စည်းများ၊ ဂျပန်နိုင်ငံသုံး တစ်ပတ်ရစ် စက်ပစ္စည်းများ တင်ဆောင်လာကြပြီး မြ၀တီ ကုန်သွယ်ရေးဇုန်၊ ကော့ကရိတ်-ကိုးတိုင် X-Ray စစ်ဆေးရေးဂိတ်၊ ဂျိုင်း တံတား၊ အိန္ဒုနှင့် ဖားအံ စစ်ဆေးရေးဂိတ်တို့အား ရှောင်ကွင်း၍ ဖားအံသို့ ရောက်ရှိပြီးနောက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များအထိ အဆင့်ဆင့် သယ်ဆောင်နေကြသည်ဟု ကုန်တင်ကားသမားတစ်ဦးက ယခုလို ပြောသည်။

ကားသမားက “ကုန်ကားကတော့ မြ၀တီ BGF ဂိတ်တွေ ဂိုဒေါင်တွေကနေ ဒေါနတောင် လမ်းဟောင်း၊ လမ်းသစ်ဘက် ကနေ ကော့ကရိတ်ထဲကို၀င်ပြီး ဖားအံအထိပေါ့။ ရွာလမ်းသုံးပြီး သွားရတယ်၊ စစ်တပ်ဂိတ်၊ BGF ဂိတ်၊ PC ဂိတ်၊ အဖွဲ့စုံ ဂိတ်တွေ ရွာထိပ်တွေမှာ ငွေပေးသွားရတယ်။ ရန်ကုန်က တက်လာရင် ဆန်၊ ငရုတ်၊ ကြက်သွန်နဲ့ နယ်စပ်ပို့ကုန်တွေ တင်လာတယ်။ အာရှလမ်းသစ်က တက်တယ်။ ပြန်ဆင်းရင် ထိုင်းကုန်စည်တွေ၊ ဂျပန်ကျ စက်စ္စည်းတွေနဲ့ ရွာလမ်းက ပြန်ဆင်းတယ် ဖားအံအထိပေါ့။ ဖားအံကနေ ရန်ကုန်၊ မန္တလေးက တစ်လမ်းကြောင်း ဆက်သွားတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

ယခင်က ဂိတ်များ နည်းပါးသောကြောင့် ကားမောင်းသမားများအနေဖြင့် ခေါက်ကြေး၊ မောင်းကြေးနှင့် ခရီးသည်တင် ကားခများမှ အမြတ်ကျန်သော်လည်း လက်ရှိတွင် ရွာလမ်းပျက်များကို အသုံးပြု မောင်းနှင်ရသောကြောင့် ကားကြံ့ခိုင် မှုထိခိုက်သလို ရွာထိပ်ရှိ ငွေတောင်းဂိတ်များ တိုးလာသောကြောင့် ကားသမားများမှာ တွက်ခြေမကိုက်ကြကြောင်း လည်း အဆိုပါလမ်းကြောတွင် ကုန်တင်ကား မောင်းနှင်ဖူးသူ ကားသမားများ၏ ပြောဆိုချက်အရ သိရသည်။

လမ်းပြုပြင်ရေးကိစ္စနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက “ပိုက်ဆံကောက်တာ ငါတို့အလုပ်။ လမ်းပျက် တာ ငါတို့အလုပ် မဟုတ်ဘူး။”ဟု မေးမြန်းမှုကို ပြန်လည် ပြောဆိုသည်။

ဒေသတွင်းရှိ စစ်တပ်၊ BGF နှင့် အပစ်ရပ် KNU/KNLA-PC အဖွဲ့များ၏ ငွေတောင်းဂိတ်များ ဖွင့်လှစ်ကောက်ခံနေသည့် လမ်းကြောမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)၏ ထိန်းချုပ်နယ်မြေ တစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး လက်ရှိဖြစ်ပေါ်နေသည့် လမ်းနှင့် တံတား ပျက်စီးမှုများကို ဒေသခံများက KNU ဘက်သို့ တင်ပြတောင်းဆိုထားသော် လည်း သက်ဆိုင်ရာလက်နက်ကိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုများ မလုပ်ဆောင်ရသေးကြောင်း ဒေသခံရွာသား များက ပြောဆိုနေကြသည်။