ဩဂုတ် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးဂိမ်းနှင့် လောင်းကစားရုံများကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူနေကြောင်း အာဏာပိုင်များက ပြောဆိုထားသော်လည်း မြေပြင်တွင် လောင်းကစားရုံအချို့ ဆက်လက်ဖွင့်လှစ်နေပြီး လိုင်းကြေးပေးဆောင်၍ လုပ်ကိုင်နေကြကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ကရင်ပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက မြဝတီမြို့ပေါ် ရပ်ကွက်များ၌ ငါးဂိမ်းရုံများ ပပျောက်အောင် စီမံချက်ဖြင့် ဖမ်းဆီးအရေးယူပေးနိုင်ခြင်း ရှိ/မရှိ မဲဆန္ဒရှင် ပြည်သူများကိုယ်စား မေးမြန်းခဲ့သည်။
အဆိုပါ ငါးဂိမ်းရုံများကြောင့် လူငယ်များ၏ အကျင့်စာရိတ္တ ပျက်စီးသည့်အပြင် WY ကဲ့သို့သော မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲရာနေရာ ဖြစ်လာခြင်း၊ ဒုစရိုက်သမားများနှင့် ခိုးဆိုးလုနှိုက်သူများ ခိုအောင်းရာနေရာ ဖြစ်နေခြင်းတို့ကြောင့် စီမံချက်ဖြင့် အရေးယူပေးရန် ဦးအေးမင်းထွေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းမေးမြန်းမှုအပေါ် စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက မြဝတီခရိုင်အတွင်း ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်အထိ ငါးဂိမ်းလောင်းကစားမှု ၁၃ မှုကို အမှုဖွင့်အရေးယူထားပြီး အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၆၅ ဦး၊ စုစုပေါင်း ၁၆၄ ဦးကို ဖမ်းဆီးခဲ့ သည်ဟု ပြောသည်။
ထို့အပြင် ငွေကျပ် ၂၅ သိန်းကျော်နှင့် ဂိမ်းခုံ (၇၉) ခုံကို သိမ်းဆည်းရမိခဲ့ပြီး လောင်းကစားလုပ်ငန်းများ ထပ်မံလုပ်ကိုင်ခြင်းမရှိစေရေး ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သို့သော် အာဏာပိုင်များဘက်က ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း ပြောဆိုထားသော်လည်း မြဝတီမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကိုးသုံးလုံးဂိတ်ဝန်းကျင်တွင် ငါးဂိမ်းရုံနှင့် ကာစီနိုရုံများ ဆက်လက်ဖွင့်လှစ်နေကြောင်း မြို့ခံများက ပြောသည်။

“ဂိမ်းရုံတွေက ရှိနေတုန်းပဲ မပိတ်ဘူး။ ဖမ်းတာတွေက အရောင်ပြတာပါ။ ဖမ်းချင်ရင်လည်း နေရာရော အချိန်ရော ကြိုကြေညာပြီး ပစ္စည်းတွေ အကုန်သိမ်းခိုင်းထားတာကြီးကို။ လက်နက်ကိုင်နဲ့ ပတ်သက်သူတွေပဲ လုပ်လို့ရတာလေ။ လိုင်းကြေး တစ်လမှာ ဘယ်လောက်ဆိုပြီး ပေးရတာ” ဟု မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လောင်းကစားရုံများသည် စစ်အုပ်စုနှင့် ဆက်ဆံရေးကောင်းသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များထံ လစဉ်လိုင်းကြေးပေးဆောင်၍ ဖွင့်လှစ်နေကြခြင်းဖြစ်သဖြင့် အပြီးတိုင် ပပျောက်ရန် ခက်ခဲနေကြောင်း ၎င်းမြို့ခံက ဖြည့်စွက်ပြောသည်။
အဆိုပါ လောင်းကစားရုံများကြောင့် လက်လုပ်လက်စားများနှင့် လူငယ်များ လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုဘက်သို့ ရောက်ရှိလာပြီး ဒုစရိုက်မှုများလည်း ဆက်လက်များပြားလာလျက် ရှိနေကြောင်း မြို့ခံများက ထောက်ပြပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ ငါးဂိမ်းရုံ၊ အွန်လိုင်းလောင်းကစားရုံ၊ ကာစီနိုရုံနှင့် ကျားဖြန့်လုပ်ငန်းများသည် အာဏာပိုင်များနှင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့ အစည်းအချို့၏ အကာအကွယ်ပေးမှုများဖြင့် နှစ်လကြာရှည်စွာ လုပ်ကိုင်နေကြသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ယခုလို လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှင့် ဒုစရိုက်မှုများ ဖြစ်ပွားလျက်ရှိသော်လည်း ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိဘဲ အရောင်ပြဖမ်းဆီးအရေးယူမှု မှုများသာ ပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။



















