Home သတင်း CDM ကျောင်းဆရာ/မများစုပေါင်းပြီး အွန်လိုင်းဖက်ဒရယ်ပညာရေးစနစ်ဖြင့် ကျောင်းသားများကို လက်ခံသင်ကြားပေးနေ

CDM ကျောင်းဆရာ/မများစုပေါင်းပြီး အွန်လိုင်းဖက်ဒရယ်ပညာရေးစနစ်ဖြင့် ကျောင်းသားများကို လက်ခံသင်ကြားပေးနေ

999

ဇွန်လ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၏ ပညာရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ကာ အာဏာဖီဆန်ရေး အကြမ်း မဖက်လှုပ်ရှားမှု-CDM ဆရာ၊ ဆရာမများ ဦးဆောင်ပြီး မေလဆန်းပိုင်းမှစကာ အွန်လိုင်းဖက်ဒရယ်ပညာရေး စနစ်ဖြင့် ကျောင်းသူ၊ ကျောင်းသား ၅၀၀ နီးပါးကို လက်ခံသင်ကြားပေးနေကြောင်း CDM ကျောင်းဆရာများက ပြောသည်။

NUG ချမှတ်ထားသည့် သင်ရိုးနှင့် Homebase learning အစီအစဉ်အတိုင်း ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပြီး သင်ကြားရေး CDM ဆရာ၊ ဆရာမပေါင်း ၁၀၀ ကျော်ဖြင့် သင်ကြားပေးနေကြောင်း ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နေသည့် CDM ကျောင်းဆရာတစ်ဦးက ယခုလို ပြောသည်။

“အခုဆိုရင်ကျနော်တို့က အွန်လိုင်းကျောင်းသားကို ၅၀၀ လောက်လက်ခံထားတယ်ပေါ့နော်။ သင်ကြားရေး ဆရာမက ၁၀၀ ကျော်ရှိတယ်။ အခု NUGနဲ့ လက်ရှိကျနော်တို့ဖော်ဆောင်နေတာက ဖက်ဒရယ်ပညာရေး လို့ ပြောပေမဲ့ လက်ရှိမှာပေါ်ပေါ်ထင်ထင်အကောင်အထည်မဖော်သေးတဲ့အခါမှာတော့ ကြားကာလပြည်သူ့ ပညာရေး၊ စဉ်ဆက်မပြတ်ပညာရေးအနေနဲ့ပဲသွားတယ်”ဟု သူက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကျောင်းသူ၊ ကျောင်းသားများအားလုံး လွတ်လပ်စွာရွေးချယ်သင် ယူခွင့်ရှိစေရန် ယခုလို အွန်လိုင်းပညာရေးစနစ်ကို NUG ၏ သင်ရိုးအတိုင်း ဖန်တီးဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောင်းပေါင်း ၄၀ ကျော်ရှိနေပြီးဟုလည်း ၎င်းကျောင်းဆရာက ဆက်ပြောသည်။

ထိုသို့ သင်ကြားရာတွင် သင်ကြားပေးသည့်ဘာသာရပ်များမှာ တစ်ကျောင်းနှင့်တစ်ကျောင်း မတူညီကြဘဲ ကျောင်းသားဝင်ဆံ့နိုင်မှုအပေါ်မူတည်ပြီး ဆရာ၊ ဆရာများကို ရွေးချယ်ရကြောင်း၊ တစ်ချို့သော ဖက်ဒရယ် ကျောင်းများတွင် မူလတန်းအဆင့်သာ ဖွင့်လှစ်နိုင်ပြီး အချို့ကျောင်းများမှာ မူလတန်း၊ အလယ်တန်း၊ အထက် တန်းအားလုံးကို ဖွင့်လှစ်နိုင်ကြကြောင်း နောက်ထပ် CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းက “ဖက်ဒရယ်ကျောင်းအားလုံးက တရားဝင်ဖွင့်ထားတာ ၄၀ ကျော်ပြီးပေါ့နော်။ ဒါပေမဲ့လည်း ကြိုးစားပြီးတော့ ဖွင့်မယ့်ကျောင်းတွေလည်း ရှိသေးတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို CDM ကျောင်းဆရာ၊ ဆရာမများနှင့် NUG တို့ ချိတ်ဆက်ဆောင်ရွက်ကာ အွန်လိုင်းပညာရေးကျောင်းကို ဖွင့်လှစ်သင်ကြားပေးနေသော်လည်း အခက်အခဲစိန်ခေါ်မှု တချို့ ရင်ဆိုင်နေကြရကြောင်း CDM ကျောင်းဆရာ တစ်ဦးက ယခုလို ပြောသည်။

“အခက်အခဲဆိုတာကတော့ ဖက်ဒရယ်ကျောင်းက အွန်လိုင်းဖြစ်တဲ့အခါကျတော့ ကျနော်တို့က ကျောင်းသား တွေကို အကန့်အသတ်နဲ့ လက်ခံရတယ်။ ကျောင်းသားတွေကို အကန့်အသတ်နဲ့ လက်ခံရတဲ့အခါမှာ စကစ ရဲ့ ပညာရေးကို မလိုလားတဲ့ ကျောင်းသားတွေများပေမယ့် ကျနော်တို့က လက်ခံချင်သလောက် လက်ခံလို့မရတဲ့ အနေအထားတွေရှိနေတဲ့အတွက် ဒါတွေကတော့အခက်အခဲပေါ့။”ဟု ပြောသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် အမြို့မြို့ အနယ်နယ်မှ CDM ပြုလုပ်ထားသူ တချို့မှာ Non-CDM ဆရာ၊ ဆရာမအဖြစ် တာဝန်ပြန်လည်ထမ်းဆောင်နေပြီး စစ်ကောင်စီက ဖွင့်လှစ်သည့်ကျောင်း များတွင် စာပြန်လည်သင်ကြားပေးမှုများရှိနေသလို CDM ကျောင်းဆရာ၊ဆရာမဝန်ထမ်းများ၏ လစ်လပ်နေရာ များတွင်လည်း စစ်ကောင်စီဘက်က အစားထိုးခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။