Home သတင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်းရလဒ်များအပေါ် CDM ကျောင်းသားများ၏ ဝေဖန်မှုမြှင့်တက်လျက်ရှိ

တက္ကသိုလ်ဝင်တန်းအောင်စာရင်းရလဒ်များအပေါ် CDM ကျောင်းသားများ၏ ဝေဖန်မှုမြှင့်တက်လျက်ရှိ

864
Photo: CJ

ဇွန်လ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် မတ်လတွင်း ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုရလဒ်ကို စစ်ကောင်စီပညာရေးဌာနက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင်ထုတ်ပြန်လိုက်ပြီး ၎င်းထွက်ပေါ်လာသည့် ရလဒ်များအပေါ် စစ်ကောင်စီပညာရေးအစီအစဉ်ကို ဆန့်ကျင်နေသည့် (CDM)ကျောင်းသားများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)ကျောင်းများကို စစ်ကောင်စီဘက်က ပြန်လည် ဖွင့်လှစ် လိုက်ပြီး ၃ လတာ သင်ကြားမှုပြီးနောက် ယခုလို အောင်စာရင်း ရလဒ်များထွက်ပေါ်လာသည့်အပေါ် CDM ကျောင်းသူကျောင်းသားများက ဝေဖန်ပြောဆိုကြခြင်းဖြစ်သည်။

အောင်ချက်ရလဒ်အများဆုံး ထွက်ပေါ်ခဲ့သည့် မွန်ပြည်နယ်ရှိ (CDM)ကျောင်းသူတစ်ဦးက ”စိတ်တော့ မကောင်းဘူးပေါ့။ ညီမဆိုနှစ်ကျ (၂)နှစ်ရှိပြီး ဖြေတာမအောင်ခဲ့ဘူး။ သူတို့ကျတော့ သုံးလလေးပဲ ဖြေတာ အောင်တယ်။ တချို့ဆိုဂုဏ်ထူးတွေ တောင်ပါသေးတယ်။ ညီမတို့ကတော့ကျောင်း မတက်ဘူးလုံးဝပဲ။ ကိုယ့်အရှေ့မှာပဲ သေတဲ့လူတွေအများကြီးပဲ။ ဒါလည်း သူတို့ ကျောင်းတက်တယ်” ဟု ပြောသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများအရ ရန်ကုန်အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခုအပြင် နေပြည်တော်ကောင်စီနယ်မြေ၊ နိုင်ငံခြားစာစစ်ဌာန အသီးသီး၏ အောင်ချက်များကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တစ်ပြည်လုံးအတိုင်းအတာ၏ အောင်ချက်ရာခိုင်နှုန်းတွင် မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း အများဆုံးရရှိပြီး ကျန် ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့အနေဖြင့်လည်း အများဆုံးပါဝင်ကာ တိုက်ပွဲပြင်း ထန်နေသည့် ချင်းပြည်နယ်တွင် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ်နေကြောင်း ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

နှစ်စဉ် ပုံမှန်တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းနီးပါးခန့်ရှိသော်လည်း စစ်အာဏာသိမ်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခုနှစ်တွင် သုံးသိန်းနီးပါးသာရှိပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှုများတွင် ပါဝင်ရန်နှင့် စစ်ကောင်စီနှင့် မပူးပေါင်းခြင်းကို ပြသရန် ပြည်တွင်း အခြေခံပညာရေးအပြင် အဆင့်မြင့်ပညာကဏ္ဍများမှာပါ ကျောင်းမတက်သပိတ် လှုပ်ရှားမှုပေါ် ပေါက်ခဲ့သောကြောင့် စစ်ကောင်စီဖွင့်သည့် အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူဦးရေ နည်းပါးခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီ ဖွင့်လှစ်သည့် ကျောင်းများကို တက်ရောက်ခဲ့သည့် ကျောင်းသူကျောင်းသားနှင့် သားသမီးများကို ဖိအားပေးကျောင်းထားခဲ့သည့် ကျောင်းသားမိဘများအပေါ် CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသည့် ကျောင်းသူကျောင်းသားလူငယ်များက ပြစ်တင်ဝေဖန်ပြောဆိုလိုက်သည်။

”သူတို့တွေက ပျော်နေချိန် တချို့တွေကတောထဲမှာလေ။ ဒီစာမေးပွဲက ဘောင်မဝင်ဘူးဆိုတာ သိသိကြီးနဲ့ဘာလို့ အပင်ပန်းခံ ပြီးဖြေနေလဲ။ အခုအောင်သွားလို့ကော၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ကျောင်းတက်ပြီး အလုပ် လုပ်မလဲဆိုတာ သိချင်တယ်”ဟု CDM ကျောင်းသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကျောင်းတက်ရန် မိဘ၏ ဖိအားပေးခံခဲ့ရသော်လည်း ကျောင်းမတက်ဘဲ CDM လှုပ်ရှားမှုတွင် ပါဝင် ခဲ့သော ကျောင်းသူ ကျောင်းသူအချို့အား ယခုလို တက္ကသိုလ်ဝင် စာမေးပွဲ ရလဒ်များ ပေါ်ထွက်လာသည့်အပေါ် မိဘများ၏ ပြစ်တင်ပြောဆိုခံရမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း တက္ကသိုလ်ဝင်တန်း မဖြေဆိုခဲ့သူ ဖားအံမြို့ရှိ CDM ကျောင်းသူတစ်ဦးကလည်း ယခုလို ပြောသည်။

”ဆယ်တန်းဖြေချင်တယ်။ ဒါပေမဲ့ ကိုယ့်အရှေ့မှာ လူတွေသေတာများတယ်လေ။ အဲ့တာကြောင့် မဖြေ ဖြစ်တာ။ အဲ့လိုမဖြေတော့ အိမ်ကအမေကလည်း ဖိအားပေးတယ်။ ကျမလည်း အောင်ချင်တာပေါ့။ ၃ နှစ်ရှိပြီ။ တစ်မနက်လုံးအပြောခံနေရတယ်။ နင်အသုံးမကျလို့ ဖြေလိုက်ရင်အောင်ပြီးဘာညာနဲ့”ဟု သူက ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ နိုင်ငံ၏ဒေသအနှံ့အပြားတွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်နေချိန်၊ မြို့တွင်းဒေသအများအပြားတွင်လည်း ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွား နေစဉ်အတောအတွင်း ယခုဇွန်လဆန်းမှစ၍ စစ်ကောင်စီ၏ အခြေခံပညာကျောင်းများကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လိုက်ပြီး ယခင်နှစ်ထက် ကျောင်းသူ၊ ကျောင်းသား ဦးရေတိုးလာကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။