Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာကျေးရွာကျောင်းကို ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေ

ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာကျေးရွာကျောင်းကို ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေ

554
Photo: CJ

ဇွန်လ ၁၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာ(ကိုယ်ဒူခွဲ) ကျေးရွာအခြေခံပညာမူလတန်းကျောင်းကို ယခုနှစ်ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက စတင်ဖွင့်လှစ်သင်ကြားပေးနေသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးအခြေအနေကြောင့် ၂ နှစ်ကျော်ကြာ စာသင်ကျောင်းများ ပိတ်ထားခဲ့ရ၍ ကျေးရွာအသီးသီးမှ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် နောက်ကျကျန် နေသည့်အတွက် ဌာနေကလေးများအားလုံး စာသင်ယူတတ်မြောက်နိုင်အောင် ယခုလို ကိုယ်ထူကိုယ်ထအစီအစဉ် ဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

“ သူငယ်တန်းကနေ လေးတန်းအထိ ကလေး ၂၉ ယောက်ရှိတယ်။ အတန်းခွဲအားလုံးကို ဆရာတစ် ယောက်ထဲကပဲ သင်ကြားပေးနေ တယ်ပေါ့နော်။ တိုင်းရင်းသားစာပေအတွက်ကတော့ ဆရာမတစ်ယောက်က လာသင်ပေးတယ်။ သင်ထောက် ကူပစ္စည်းတွေ စာရေးခုံတွေ လိုအပ်တယ်။ ကျောင်းဆောင်ကလည်း ကျဉ်းကြပ်နေတော့ အခက်ခဲရှိတယ်။ ခုတော့ ရှိတဲ့အင်အားနဲ့ပဲ ကလေးတွေစာတတ်မြောက်အောင် ကြိုးစားလုပ်ပေးနေတယ်”ဟု အမည်မဖော်လိုသူ ကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ စစ်ရေးနှင့် နိုင်ငံရေးအခြေနေကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအသီးသီးမှ စာသင်ကျောင်းအများစုမှာ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ဖွင့်လှစ်နိုင်သည့် ကျေးရွာစာသင် ကျောင်းအချို့လည်း ကိုယ်ထူကိုယ်ထသင်ကြားရေးအစီအစဉ်ဖြင့်သာ ဖွင့်လှစ်နိုင်ကြသည်ဟု သိရသည်။