Home သတင်း ဖားအံမြို့ပေါ်ရှိ ဟိုတယ်များကို စစ်ကောင်စီအဖွဲ့များ မကြာခဏ ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေ

ဖားအံမြို့ပေါ်ရှိ ဟိုတယ်များကို စစ်ကောင်စီအဖွဲ့များ မကြာခဏ ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေ

880

ဇွန်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရှိ ပြင်ပဧည့်သည်များ အဓိကတည်းခိုရာ ဟိုတယ် (Hotel) မိုတယ် (Motel)၊ Guest House များကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စစ် ဆေးမှုများ မကြာခဏလုပ်ဆောင်နေကြောင်း ဟိုတယ်ဝန်ထမ်းများထံမှ သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်တပ်များသည် အာဏာသိမ်းပြီးနောက်ပိုင်းမှ ယခုအချိန်ထိ မသင်္ကာ သူများကို ဖမ်းဆီးရန် အကြောင်းပြချက်နှင့် ဖားအံမြို့ပေါ်ရှိဟိုတယ်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ဟိုတယ်ဝန်ထမ်းတစ်ဦးက ယခုလိုပြောသည်။

”ဧည့်စာရင်းလာစစ်တာ တစ်လတစ်ခါအနည်းဆုံးလာတယ်။ တစ်ခါတစ်ခါ လာရင်ဆယ်ယောက် စစ်သားတွေ လည်းပါတယ်။ တစ်ခါတလေ လေးယောက်လောက်ရှိတယ်။ စစ်သားတွေကျတေ့ာ အပြင်မှာပဲ စောင့်ပြီး ကျန်ခဲ့တာ။ ရဲတွေကတော့ဝင်လာတယ်၊ မသင်္ကာတဲ့သူရှိလို့ လာစစ်တာ။ တကယ်လည်း ထင်တဲ့အတိုင်းပဲ။ လာစစ်ရင် မြို့မှာတစ်ခုခုဖြစ်ထားလို့။ ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကရင်ပြည်နယ်သည် စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများ အကြား တိုက်ပွဲအများဆုံးဖြစ်ပွားရာ ဒေသဖြစ်သည်။

လတ်တလောတွင်လည်း ကရင်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးလာသလို စစ်ကောင်စီအနေဖြင့် ခရီးသွားလာသူများကိုလည်း ကြပ်မတ်စစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် ဟိုတယ်လုပ် ငန်းရှင်များအနေဖြင့် စီးပွားရေးအရ ထိခိုက်မှုများရှိလာကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များနှင့် နီးစပ်သူများက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ဟိုတယ်အတွင်း ရှောင်တခင်ဧည့်စာရင်း ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပုံမှန် ည(၁၁)နာရီ အချိန်ခန့်တွင် လာရောက်စစ်ဆေးလေ့ရှိကာ လူအဝင်အထွက်များသည့်ဟိုတယ်များ ကိုပိုမိုစစ်ဆေး လျက်ရှိကြောင်း နှင့် ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့်လည်း တည်းခိုနေထိုင်သူများ ပုံမှန် မရှိတော့ကြောင့်လည်း သိရသည်။

နောက်ထပ် အမည်မဖော်လိုသူဟိုတယ်ဝန်ထမ်းတစ်ဦးကလည်း” ဟိုတယ်ကိုလာရောက်နားတဲ့ သူတွေနည်းလာတယ်။ နိုင်ငံခြားသားတွေက တေ့ာမလာတေ့ာဘူး။ နေ့တိုင်းဧည့်စားရင်းတိုင်ပေး ရတယ်၊ တစ်နေ့ ကိုသုံးခေါက်လောက်ပေါ့’’ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း ဖားအံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်း ဖုန်းစစ်ဆေးခြင်း၊ ငွေညှစ်တောင်းခံခြိမ်းခြောက်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များကို မကြာခဏဆိုသလို ပြုလျက်ရှိကြောင်း မြို့ခံပြည်သူများက ပြောသည်။

အလားတူ အကြမ်းဖက်လုပ်ရပ်များကို နှိမ်နင်းသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူ များကို စစ်ကောင်စီအနေဖြင့် မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ ထောင်ချခြင်းများကြောင့် ဖားအံမြို့ပေါ်ရှိ ရာနဲ့ချီသည့် လူငယ်များ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံထားရပြီး ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက် ခံရမှုများ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရခြင်းများ ကြုံတွေ့နေရကြောင်း ၎င်းလူငယ်များကို အကူအညီ ပေးနေသည့် သတင်းအရင်းအမြစ်များက ပြောသည်။