Home သတင်း စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားခြင်းကြောင့် ဘုန်းကြီးကျောင်း၌ ပြောင်းရွှေ့စာသင်နေရ

စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားခြင်းကြောင့် ဘုန်းကြီးကျောင်း၌ ပြောင်းရွှေ့စာသင်နေရ

889

ဇွန်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် တောင်ကြာအင်းစံပြကျေးရွာ အထက်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်ခြင်းကြောင့် ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ ရွာဘုန်းကြီး ကျောင်းထဲ၌ ပြောင်းရွှေ့စာသင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

တောင်ကြာအင်းအထက်တန်းကျောင်းသည် ယခုနှစ်တွင် စစ်ကောင်စီ ပညာရေးအစီအစဉ်ဖြင့် ပြန်လည်ဖွင့် လှစ်သည့် စာသင်ကျောင်းဖြစ်သော်လည်း ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များမှာ နေရာပြောင်းရွှေ့ပေးခြင်းမရှိသည့်အတွက် ဘုန်းကြီးကျောင်း၌သာ ကျောင်းပြန်လည်ဖွင့်လှစ်နေရခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ လူကြီးတွေသွားညှိသေးတယ်။ သူတို့က ပြောင်းမယ်ဆိုပြီး ကျောင်းဖွင့်တော့ မပြောင်းပေးတော့ဘူး။ ကျောင်းမှာ ကျောင်းသုံးပစ္စည်းစာအုပ်တွေ၊ ခုံတွေသွားယူတောင်မှ ပေးမဝင်ဘူး။ ကျောင်းဝင်းတစ်ခုလုံးကို အပိုင်စီးလိုက်တယ်။ လူထုတွေက ကြောက်ရတော့ ဘာမှမပြောရဲဘူး။ သူတို့အင်အားက ၅၀ အထက်တော့ရှိမယ်။ အတိအကျတော့မသိရဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စာသင်ကျောင်းဝင်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့များသည် နေရာပြောင်းရွှေ့ပေးခြင်းမရှိသည့်အပြင် ယခုအချိန်တွင် တပ်အင်အားပါ ထပ်မံတိုးချဲ့လာသည့်အတွက် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့နှင့် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံရွာသားများက စိုးရိမ်လျက်ရှိသည်။

“ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ကျောင်းပေးတက်ပေမယ့်လည်း သိပ်မလုံခြုံဘူးလို့ ခံစားရတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်တပ်တွေက ကျောင်းဝင်းထဲမှာ အင်အားတိုးချဲ့ပြီး နေထိုင်နေတုန်းပဲဆိုတော့ ဘယ်တော့ ပစ်ကြ ခတ်ကြမလဲ၊ ပြီးတော့ အရင်လတွေက ဘုန်းကြီးကျောင်းဝင်းထဲမှာ လက်နက်ကြီးတွေ ခဏခဏကျ တာရှိတယ်ဆိုတော့ ဘယ်တော့လက်နက်ကြီးနဲ့ပစ်မလဲ စိုးရိမ်နေရတယ် ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

တောင်ကြာအင်းအထက်တန်းကျောင်းသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ပြန့်ပွားသည့်ကာလနှင့် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ၂ နှစ်ကြာ ကျောင်းပိတ် ထားပြီးနောက် ယခုနှစ်မှ စစ်ကောင်စီပညာရေးအစီအစဉ်ဖြင့် ကျောင်းကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

ယခုနှစ် ပညာသင်နှစ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ဦးရေ စုစုပေါင်း ၂၀၀ ကျော်ရှိသည်ဟု ဒေသခံထံမှ သိရသည်။

တောင်ကြာအင်း အထက်တန်းကျောင်းဝင်းထဲ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်လာခဲ့သည်မှာ ၈ လကျော်ကြာရှိပြီဖြစ်ပြီး မတ်လမှစတင်၍ စာသင်ကျောင်းဝင်းနှင့် အနီးအနားပတ်ဝန်းကျင်တွင် နယ်မြေခံ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားသောကြောင့် စာင်သင်ကျောင်းဆောင်အချို့ ကျည်ထိမှန် ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လတစ်လုံးတွင် ကော့ကရိတ်မြို့အနီးရှိ စစ်ကောင်စီတပ်မှ တောင်ကြာအင်းကျေးရွာထဲသို့ လက်နက်ကြီးများနှင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်သည့်အတွက် လူနေအိမ် ၅ လုံးထက်မနည်း ကျည်ထိမှန်ပျက်စီးခဲ့သလို ဒေသခံအချို့လည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် နှစ်ဘက်ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ယခုအချိန်တွင် ဒေသခံရွာသားများ ကျေးရွာထဲပြန်လည်နေထိုင်ကြပြီဖြစ်သော်လည်း စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်ကြရသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အချို့ ယခုအချိန်ထိ မပေါက်ကွဲသေးဘဲ ကျေးရွာထဲတွင် တည်ရှိနေဆဲဖြစ်၍ ဒေသခံကျေးရွာသားများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြီးခဲ့သည့် ဧပြီလတွင် သတင်းထုတ်ပြန်ထားသည်။