Home သတင်း ကျောင်းလုံခြုံရေးအစောင့် BGF တပ်ဖွဲ့၀င်များ ကျောင်းသားမိဘများအပေါ် ရိုက်နှက်မှုပြုလုပ်

ကျောင်းလုံခြုံရေးအစောင့် BGF တပ်ဖွဲ့၀င်များ ကျောင်းသားမိဘများအပေါ် ရိုက်နှက်မှုပြုလုပ်

819
Photo: CJ

ဇွန်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် ရေပူကျေးရွာ အထက/ခွဲကျောင်း လုံခြုံရေးအစောင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၀င်များက ကျောင်းဆင်းချိန် ကျောင်းလာကြိုသည့်မိဘနှင့် ကျောင်းဝေယျာ၀စ္စ လာရောက်လုပ်ကိုင် သူများအား အကြောင်းမဲ့ ကြိမ်းမောင်းပြောဆို၊ ရိုက်နှက်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားမိဘတစ်ဦးက ” ကိုယ့်ကလေး လာကြိုတာ ကားလမ်းဘေးချ ရပ်ထားတာကို တံခါးကို သေနတ်နဲ့ ဆောင့်ရိုက်ထုတယ် ။ ရှင်းပြလို့မရ၊ သေနတ်နဲ့ရွယ်တယ်၊ ဆဲတယ်။ မနေ့ကလည်း ကျောင်းထိုင်ခုံတွေ စာသင်ခုံတွေပြင်ဖို့ ကျောင်းသားမိဘကား သစ်တင်ပြီး ကျောင်း၀င်းထဲ မောင်း၀င်လာတာမှာ ကားကိုတားပြီး ဆဲဆိုမေးတယ်။ ပြီးတော့ လူကို စစ်သုံးဓါးနဲ့ အပြားလိုက်ရိုက်တယ် “ဟု ပြောသည်။

အဆိုပါစာသင်ကျောင်းဝင်းအတွင်း ဖြစ်ပွားသည့် ကြိမ်းမောင်းဆဲဆို၊ ရိုက်နှက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသားမိဘနှင့် ဆရာ /ဆရာမများက မပြောရဲဘဲ ကြောက်လန့်နေကြရသည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ကြိုးစားဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

မြ၀တီမြို့ပေါ် ရပ်ကွက်စာသင်ကျောင်းများ စစ်ကောင်စီပညာရေးအစီအစဉ်ဖြင့် ပြန်လည်ဖွင့်လှစ်သင်ကြားမှုများ လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့၊ BGF တပ်ဖွဲ့၊ ရဲ နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ဌာနေပြည်သူစစ်အဖွဲ့များဖြင့် လုံခြုံရေးတင်းကြပ်ချထားကာ ကျောင်းဖွင့်လျက်ရှိသည်။

မြဝတီမြို့ပေါ်တွင် ယခင် စစ်အာဏာသိမ်းဖြစ်စဉ် မဖြစ်ခင်ကာလ ကျောင်းတက်နှုန်းထက် ကျောင်းသားဦးရေ လျှော့နည်းမှုများရှိနေသလို CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ပြုလုပ်သည့် ပညာရေး၀န်ထမ်း ကျောင်းဆရာ/ ဆရာမများပြားမှုကြောင့် စာသင်ကြားရေး Non CDM ဆရာမလုံလောက်မှုမရှိသဖြင့် သင်ကြားရေး နှင့် ကျောင်းလုပ်ငန်းများ အခက်အခဲဖြစ်နေကြကြောင်း မြို့ပေါ်နေ ကျောင်းသားမိဘများက ပြောသည်။

Photo: CJ