Home သတင်း ဖားအံမြို့တွင်း ရုပ်ရှင်ရုံကြီး ၂ ရုံ ပြန်လည်ဖွင့်လှစ်သော်လည်း ကြည့်ရှုသူမရှိသလောက်နည်းပါး

ဖားအံမြို့တွင်း ရုပ်ရှင်ရုံကြီး ၂ ရုံ ပြန်လည်ဖွင့်လှစ်သော်လည်း ကြည့်ရှုသူမရှိသလောက်နည်းပါး

774
Photo: CJ

ဇွန်လ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ တွင်းရှိ တက်နေဝင်းရုပ်ရှင်ရုံနှင့် ဦးဆောက်ပန်းရုပ်ရှင်ရုံကြီးနှစ်ခုကို ပြီးခဲ့သည့် ဧပြီလ ကုန်ခါနီးမှစ၍ ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ယခုဇွန်လအထိ နှစ်လတာကာလအတွင်း လာရောက် ကြည့်ရှုသူ လုံးဝနီးပါးမရှိကြောင်း မြို့ခံများထံမှ သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ (အ.ထ.က-၁) ကျောင်းအနီး တက်နေဝင်းရုပ်ရှင်ရုံနှင့် အမှတ် ၉ ရပ်ကွက် ရေကျော်လမ်းရှိ ဦးဆောက်ပန်းရုပ်ရှင်ရုံကြီး ၂ ရုံသည် ဧပြီလ ၂၉ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီး အကယ်ဒမီ လူမင်းနှင့်ပြေတီဦးတို့ ဇာတ်ကားများကိုသာ အဓိက ပြသလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက “အရင်တစ်ပတ်လောက်ကတော့ဖွင့်တယ်။ ဖွင့်လည်းကြည့်မယ့်သူ မှမရှိတာ။ ဘာထူးလဲ ကြည့်တဲ့လူမလာလို့လာမသိဘူး ပြန်ပိတ်လိုက်တယ်။ တက်နေဝင်းရုပ်ရှင်ရုံက မန်နေဂျာ ကလည်း ဖားအံမှာမရှိတော့ဘူး။ ရန်ကုန်ရောက်သွားပြီး၊ ထောင်ကလွတ်လာတဲ့ ရုပ်ရှင်မင်းသား မင်းသမီး ဇာတ်ကားတွေပဲ ရုပ်တင်ပြကြတာ၊ လာကြည့်တဲ့သူက ရှိကိုမရှိတာ “ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ ပြီးနောက် ဖားအံမြို့ရှိရုပ်ရှင်ရုံများကို ဖေဖော်ဝါရီလကုန်းပိုင်းမှ စတင်ကာ ရုပ်ရှင်ပြသမှုကိုရပ်စဲလိုက်ပြီး‌ ယခုနှစ် ဧပြီလကုန်မှစတင်ကာ ပြန်လည်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း၌လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုပ်ရှင်ရုံများ ကို ပိတ်ထားခဲ့သေးသလို ရန်ကုန်မြို့ပေါ် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ပြသရာတွင်လည်း ကြည့်ရှုသူမရှိ သလောက် နည်းပါးကြောင်း ပြည်တွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။