Home သတင်း ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တွင် ကော်သူးလေစာသင်ကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများဖြင့်သာ ဖွင့်လှစ်သင်ကြားပေးနေ

ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တွင် ကော်သူးလေစာသင်ကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများဖြင့်သာ ဖွင့်လှစ်သင်ကြားပေးနေ

927
Photo: CJ

ဇွန်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆နယ်မြေ)၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD စာသင်ကျောင်းများနှင့် ကျေးရွာကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်၍ ဒေသတွင်း ကျောင်းနေအရွယ်ကလေးမှ အထက်တန်းပညာအထိ သင်ကြားနေကြောင်း ဒေသခံအတွင်း သင်ကြားရေး အစီအစဉ်များတွင် ပါ၀င်သင်ကြားပေးနေသည့် ဆရာ/မများ ပြောဆိုချက်အရ သိရသည်။

ကော့ကရိတ်တောင်ပိုင်းဒေသ၊ ကျုံဒိုးတောင်ပိုင်းဒေသနှင့် မြ၀တီတောင်ပိုင်းဒေသအတွင်း စစ်ကောင်စီ ကျောင်းပညာရေးအား ဆရာ/မ အများစု CDM ပြုလုပ်သပိတ်မှောက် ကြသည့်အခြေအနေနှင့် စစ်ကောင်စီဌာန ကိစ္စများအား နယ်မြေဒေသအတွင်း စစ်ရေး၊ လုံခြုံရေး မတည်ငြိမ်သည့် ဒေသကျောင်းများ ပြန်လည် ဖွင့်လှစ် သင်ကြား နိုင်သည့်အခြေအနေမပေးတော့သည့် ကာလတွင် KNU ဒူးပလာယာခရိုင်ဒေသအတွင်း KECD ကျောင်း များ နှင့် ဒေသကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သင်ကြားရေး ဆရာမတစ်ဦး က ယခုလို ပြောသည်။

“ကျမကတော့ ကျောက်တန်းရွာမှာ စာသင်ခဲ့တဲ့ ဆရာမပါ။ အခုတော့ အာဏာသိမ်းဖြစ်စဉ်မှာ CDM လုပ်ပြီး ကရင်ဒေသကျောင်းတွေမှာ စာဆက်သင်ပေးနေပါတယ်၊ ကော့ကရိတ်ရော၊ ကျုံဒိုးဘက်ရော KNU နယ်က ကျောင်းတော်တော်များများ KECD ကျောင်းနဲ့ ရွာကိုယ်ထူကိုယ်ထကျောင်းတွေ ပုံစံမျိုးပြန်ဖွင့်နေကြပါပြီ၊ စစ်ကောင်စီကျောင်း ပညာရေးတော့ ဘယ်သူမှ အလာမခံပါဘူး။ သူတို့ပေးတဲ့ ဖွံဖြိုးရေးဘတ်ဂျက်တွေလည်း မယူကြတော့ပါဘူး။ CDM ဆရာမတွေလည်း ကရင်ပညာရေးကျောင်းတွေမှာ စာ၀င်သင်ပေးနေကြပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မြို့ပြပညာရေးဌာနမှဒေသတွင်း ကျေးလက်ကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရန် ကျေးရွာရပ်မိရပ်ဖနှင့် စစ်ကောင်စီထောက်ခံသူများ၏ သားသမီးများအား ကျောင်းအပ်လက်ခံကာ Non CDM ပညာရေးဝန်ထမ်းမှတဆင့် ကျောင်းပြန်ဖွင့်ရန် ဖိအားပေးစည်းရုံး လုပ်ဆောင်မှုများရှိသော်လည်း ဒေသခံအများစုမှာ KECD ကရင်ပညာရေး ကျောင်းများတွင်သာ ကျောင်းအပ်နှံသင်ကြားစေမှုအများဆုံး ဖြစ်နေကြောင်း၊ မြို့ပေါ်ပြန်ဖွင့်သည့် စစ်ကောင်စီကျောင်းများတွင် ကျောင်းပြန်တက်နေသူများမှာ ရွေးချယ် စရာမရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ကျောင်းနေအရွယ် ကျောင်းသားများသာ ကျောင်းပြန်တက်နေကြသူရှိ ကြောင်း ကော့ကရိတ်တောင်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။

Photo: CJ

“ကျမတို့က အိမ်ကကလေးတွေကို မြို့က ချောင်းတောင်ကျောင်းမှာ ထားတာ၊ အခုက မြို့သွားဖို့က အဆင်မပြေ တော့ဘူး၊ ရွာကမြို့သွားရင် စစ်တပ်က စစ်ဆေးတယ်၊ ဖမ်းတယ်၊ ငွေနဲ့ ရွေးခိုင်းတယ်၊ ဖုန်းသိမ်း၊ ဆိုင်ကယ်သိမ်း တာတွေ လုပ်တာခံရတယ်၊ စစ်တပ်နဲ့ ကရင်အဖွဲ့တွေက အချိန်မရွေးတိုက်ပွဲတွေ ဆက်ဖြစ်နေကြတာဆိုတော့ ဒီဘက်နယ်ထဲစစ်ကောင်စီကျောင်းတွေ လာပြန်ဖွင့်ဖို့အခြေအနေက မပေးဘူး၊ ကရင်ပညာရေး အထက်တန်း ကျောင်းမှာပဲပြန်အပ်ပြီး တက်ခိုင်းထားတယ်”ဟု ၎င်း ကျောင်းသားမိဘက ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ် မတိုင်ခင်ကာလတုန်းက ကရင်ပြည်နယ်အတွင်း ရောနှောအုပ်ချုပ်သည့် ကျေးလက်ဒေသများတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD နှင့် အစိုးရပညာရေးဌာနတို့ ပူးပေါင်းသင် သင်ကြားပေးသည့် အစီအစဉ်ဖြင့် ကျောင်းများဖွင့်လှစ်ခဲ့ကြသည်။

ထို့အပြင် အလယ်တန်း၊ အထက်တန်း ၊ တက္ကသိုလ်ပညာသင်ကြားကြသည့် ကျောင်းသားများအနေဖြင့်လည်း မြို့ပေါ် ဆွေမျိုးအိမ်၊ ဘော်ဒါဆောင်နှင့်ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်၍ ကျောင်းတက်နေကြသည့် အခြေအနေမှ အာဏာသိမ်းစစ်ကောင်စီက ယခုပြန်လည်ဖွင့်လှစ်နေသည့် ကျောင်းများတွင် ကျေးလက် ကျောင်းသားများ မြို့ပေါ်ကျောင်းများသို့ ယခုနှစ်ပြန်လည်လာရောက် ကျောင်းတက်သူမရှိသလောက် နည်းပါးကြောင်း မြို့ပေါ် ဘော်ဒါဆောင်အိမ်ငှားသူများက ပြောသည်။