Home သတင်း ဖားအံ-ရန်ကုန်အဝေးပြေးကားလမ်းမပေါ် မေးမြန်းစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

ဖားအံ-ရန်ကုန်အဝေးပြေးကားလမ်းမပေါ် မေးမြန်းစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

1071

ဇွန်လ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့မှ ရန်ကုန်သို့ သွားသောအဝေးပြေးကားလမ်းမတစ်လျှောက်တွင် ပြည်သူများ ခရီးသွားလာမှုအပေါ် မေးမြန်းစစ်ဆေးမှုများ ပိုမိုတင်းကြပ်နေသည်ဟု ဖားအံအဝေးပြေးကားဂိတ်မှ သိရှိရသည်။

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) ပြုလုပ်သူများကို ဖမ်းဆီးနိုင် ရန်ရည်ရွယ်ကာ မြို့ဝင်မြို့ထွက်များနှင့် အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၁၀ခု ထက်မနည်းချမှတ်ထားပြီး ခရီးသွားပြည်သူများ၏ မှတ်ပုံတင်များ၊ ရဲစခန်းထောက်ခံစာများ၊ ဆေးစစ် လက်မှတ်များ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဖားအံ-ရန်ကုန်ခရီးသွားခဲ့သူ ပြည်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက”အရင်ကဆိုရင် ဖားအံကနေရန်ကုန်သွားအေးဆေးပဲ။ အာဏာသိမ်းပြီးမှပဲ တစ်နေရာကိုသွား မယ် ဆိုရင် အစစ်အဆေးတွေကော ရဲစခန်းထောက်ခံစာလုပ်ဖို့ ရဲစခန်းကို သွားရတာနဲ့ နောက်ပြီးဖုန်းထဲက နိုင်ငံရေး post တွေဖျက်ရတာနဲ့ ကိုယ့်ဖုန်းနဲ့ကိုယ်တောင်ဗျာ၊ နှစ်လုံးထားရမယ့် အခြေအနေဖြစ်နေပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်အဝေးပြေးယာဉ်များဖြင့် ခရီးသွားလာမှုတွင် မှတ်ပုံတင်တစ်ခုသာ ယူဆောင်သွားရသော်လည်း လက်ရှိတွင် ရန်ကုန်သို့သွားလျှင် မှတ်ပုံတင်သာမက ရဲစခန်းထောက်ခံစာများ ၊ ဆေးစစ်လက်မှတ်များ လိုအပ်ပြီး ဖားအံမြို့ အထွက် သံလွင်တံတားဂိတ်နှင့် စစ်တောင်းတံတားဂိတ်များတွင် အခြားနေရာများထက် အစစ်အဆေး ပိုမိုတင်းကြပ်ကြောင်း ခရီးသွားပြည်သူများက ပြောသည် ။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အဝေးပြေးကားလမ်းမအပေါ် ပြေးဆွဲနေသည့် ကားသမားများ အနေဖြင့် ၎င်းအခြေအနေများအပေါ် စိတ်ပျက်မိသလို နိုင်ငံရေး မတည်ငြိမ်မှုများမှတဆင့် ဆီစျေးနှုန်းမြှင့် မားလာခြင်း ကြောင့် ကားခစျေးနှုန်းများကိုလည်း ပိုတိုးယူနေရကြောင်း အငှားကား ယာဉ်မောင်းသမားများက ပြောသည်။

အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ” အရင်ကဆို ကားခက အန်စာတုံးကားနဲ့ဆိုရင်တေ့ာ ဖားအံကနေ ရန်ကုန်အထိ အရောက်ကို တယောက်ကို နှစ်သောင်းပဲယူတယ်လေ။ အခုကနိုင်ငံရေးလည်း မကောင်းဘူး။ ဆီစျေးတွေကလည်း တက်နေတော့ တယောက်ကိုအနည်းဆုံးသုံးသောင်းလောက်ယူရတယ်။ ထိုင်းကနေပြန်လာတဲ့ လူတွေဆိုရင်ဆေးစစ်ချက်တွေပါ လိုအပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင်းမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ မတရားအကြမ်းဖက် ဖမ်းဆီးမှုများကြောင့် လူငယ်အများအပြား ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံထားရပြီး နှစ်ရှည်ထောင်ချမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိသလို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း နှင့် ငွေညှစ်တောင်းခံရခြင်းများလည်း ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ သိရသည်။

အလားတူ သံလွင်တံတားဂိတ်တွင်လည်း လွတ်မြောက်နယ်မြေအတွင်း သင်တန်းတက်ရောက်ပြီး ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ဖွဲ့ဝင်များဟုဆိုကာ လူငယ်အများအပြား ဖမ်းဆီးခံရခြင်းနှင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်းရှိကြောင်း ၎င်းစစ်ဆေးရေး ဂိတ်တွင် တာဝန်ကျသည့်စစ်ကောင်စီ တပ်သားတချို့နှင့် နီးစပ်သူများက ပြောသည်။