Home ဆောင်းပါး စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ “ဖက်ဒရယ်အတု သတိပြုပါ”

စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ “ဖက်ဒရယ်အတု သတိပြုပါ”

1153

စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ “ဖက်ဒရယ်အတု သတိပြုပါ”

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဇွန်လ ၁၀ရက်)

ဇွန်လ ၈ရက်နေ့အထိဆိုလျှင် အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့သွားရောက်ဆွေးနွေးကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ဖွဲ့ ရှိလာပြီဖြစ်ပါတယ်။ သူတို့ ဘာတွေဆွေးနွေးကြသလဲ – ဘာတွေညှိနှိုင်းကြသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက တိတိကျကျ မထုတ်ပြန်သဖြင့် မသိရပါ။ “ဝ” အဖွဲ့ (UWSP) ကတော့ သူတို့ သဘောထားနဲ့ လိုလားချက်ကို ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ကြေညာအသိပေးလာပါတယ်။ ထို့အပြင် အကြမ်း ဖက် (စကစ)ရဲ့ ပါးစပ်ပေါက်ဖြစ်တဲ့ ဇော်မင်းထွန်းကတဆင့် ပြောလာတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ သဘော ထားတချို့ကိုလည်း သိလာရပါတယ်။

ထိုအချက်အလက်များအပေါ်ကနေ ကျနော့်အမြင် အယူအဆတချို့ကို တင်ပြဆွေးနွေးပါ့မယ်။ ပထမဦးစွာ အကြမ်းဖက် (စကစ) စစ်အုပ်စုဘက်ကနေ စတင်ပါ့မယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စုက “၂၀၀၈ အခြေခံဥပဒေ” နဲ့ (NCA) စာချုပ်ကို အသေစွဲကိုင်ပြီး လက်ရှိကြုံ တွေ့နေရတဲ့ ပြည်တွင်းပြည်ပ အကျပ်အတည်းဆိုက်မှုကို ကျော်လွှားဖို့ လုပ်နေတာကို မြင်ရပါတယ်။ အဓိက တောင်း ဆိုနေတာက “ခွဲမထွက်ဘူး”ဆိုတဲ့ အာမခံချက်ကို (EAO)တွေထံကနေ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီအာမခံချက်ကို (EAO) တွေက ပေးတယ် သို့မဟုတ် အာမခံတယ်ဆိုရင် “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲကနေ “ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကို ပေးမှာလိုလိုနဲ့ စကားကို ခွပြီး မတင်မကျ ပြောနေတာဖြစ်ပါတယ်။

ဇော်မင်းထွန်းရဲ့ (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာလည်း အခုလို ပြောနေပါတယ်။ ပုံပေါ်အောင် လိုအပ်သလောက်ပဲ ကွက်ပြီး (မူရင်းအတိုင်း) ကောက်နုတ်ကာ အမှတ်စဉ်ထိုး၍ တင်ပြပါ့မယ်။
(၁) “မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမည်”
(၂) “ထိုစနစ်ကိုသွားရာတွင် အခြေခံဥပဒေ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည်ဆိုသည်ကို မူဝါဒအနေ ဖြင့် တပ်မတော်ဘက်က သဘောတူပြီးဖြစ်ကြောင်း”
(၃) “မိမိတို့အနေဖြင့် “ဝ”ကိစ္စနှင့် ပတ်သက်လာပြီး မူဝါဒအားဖြင့် ယခုလိုပုံစံမျိုး သို့မဟုတ် ယခုလိုပုံစံမျိုး ထက် ပိုမိုမြင့်သည့် ပုံစံမျိုးပေးနိုင်ရန်အတွက် ယေဘုယျမူဝါဒအားဖြင့် ရှိပြီးဖြစ်ပါကြောင်း”
(၄) “ယင်းဒေသတစ်ခုတည်း မဟုတ်ဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယခုထက် ပိုမို ဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်များကို မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း”
(၅) “မိမိပြောခဲ့သည့် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ဒီမိုကရေစီစနစ်/ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်ပုံစံတည်း တစ်ထပ်တည်း မရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေးအခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေတို့နှင့် လိုက်လျောညီထွေရှိပြီး သင့်လျော်သည့် အကောင်းဆုံးဖြစ်သည့်ပုံစံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေခြင်းသည် ယင်းသို့လုပ် ဆောင်နိုင်ရန်အတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း”
(၆) “လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းဖြစ်သောကြောင့် ယခုအချိန်တွင် တပ်မတော်နှင့် သဘောတူညီမှုရပြီးဆိုလျှင် နောင် လွှတ်တော်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်က သဘောတူပြီးဖြစ်ကြောင်း”
(၇) “ထိုလွှတ်တော်အထဲ ရောက်ရှိလာမည့် လွှတ်တော်အမတ်များကလည်း သဘောတူကြမည်ဖြစ်ကြောင်း”

အမှတ်စဉ်ထိုးပြီး ဖော်ပြခဲ့တဲ့ ကောက်နုတ်ချက် (၇)ချက်ကို ဖတ်ကြည့်လိုက်တာနဲ့ အကြမ်းဖက် (စကစ)စစ် အုပ်စုရဲ့ ရည်ရွယ်ချက်နဲ့ လှည့်စားချက်ကို အတိုင်းသား မြင်ရကြရမှာပါ။

မင်းတို့က “ခွဲမထွက်ဘူးဆိုတဲ့ အာမခံချက်ပေးရင်” ငါတို့က မင်းတို့ကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ သင့်တင့် တဲ့အုပ်ချုပ်မှုကို ခွဲဝေပေးမယ် ဆိုတဲ့သဘောထားကို မြင်ကြရမှာပါ။ ၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာရဆိုတာ စစ်အုပ် စု (ဝါ) စစ်အုပ်စုထိပ်သီးကာချုပ်က စိတ်ကြိုက်ထင်သလို လုပ်နိုင်တဲ့ ဥပဒေပဲ မဟုတ်ပါလား။ ၂၀၀၈ အခြေခံဥပဒေနဲ့ ဘယ်လောက်ပဲ ညီညွတ်အောင်လုပ်ထားပါစေ။ စစ်အုပ်စုထိပ်သီးက သဘောတူလျှင် မကြိုက်လျှင်၊ မကျေနပ်လျှင် အကြောင်းအမျိုးမျိုးပြပြီး ဖျက်သိမ်းပစ်နိုင်တယ် မဟုတ်ပါလား။ လက်တွေ့မှာလည်း (၁-၂-၂၀၂၁)ရက်နေ့ အာဏာ သိမ်းမှုကို မြင်တွေ့ခဲ့ကြရပြီးပြီ မဟုတ်ပါလား။

ဒါ့အပြင် “စစ်အုပ်စု သက်ဆိုးရှည်နေသရွေ့” မင်းအောင်လှိုင်က သဘောတူထားတယ်ဆိုတာကို နောက်ထပ် အာဏာသိမ်းပြီး တက်လာအုံးမယ် “ကာချုပ်အသစ်” က မကြိုက်လျှင်/မလိုလားလျှင် ဖျက်လိုဖျက်ဆီး လုပ်ပစ်နိုင်သေး တယ် မဟုတ်ပါလား။ အခြေခံဥပဒေဆိုတာ စစ်အုပ်စုထိပ်သီး (ကာချုပ်) လက်ထဲမှာရှိပြီး သွန်လိုသွန်၊ မှောက်လို မှောက် စိတ်ကြိုက် ထင်သလို လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ ပြောစကားနဲ့ အပြုအမူတွေကို သုံးသပ်တဲ့အခါ အကဲဖြတ်တဲ့အခါ လက်ရှိ ပြောနေတာလောက်နဲ့ သုံးသပ်အကဲဖြတ်လို့ မဖြစ်ပါဘူး။ သူတို့ဟာ အရိုးရင့် အမွေးရှည် အံတိုနေတဲ့ ကျားငစဉ်းလဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းလက်တွေ့နဲ့ ဆက်စပ် နှိုင်းယှဉ်ပြီးသုံးသပ်ဖို့ လိုပါ တယ်။
“မန်းငြိမ်းမောင်” လို မိုက်မဲဖောက်ပြန်သူတွေကတော့ အခုလို အရှက်မဲ့စွာ ပြောရဲကြပေလိမ့်မပေါ့။

“တိုင်းရင်းသားများ၏ဘဝကို နားအလည်ဆုံးသောသူမှာ တပ်မတော်သာဖြစ်ပြီး တပ်မတော်ကို နားလည်သူ မှာ တိုင်းရင်းသားများဖြစ်ပါကြောင်း” တဲ့။

တကယ်တော့ မန်းငြိမ်းမောင်ဟာ မိမိကရင်တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့၊ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ခါးသီးနာကျည်းစရာကာင်းလှတဲ့ ပြည်တွင်းစစ် လက်တွေ့ဘဝတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ သားမယားပြုကျင့်မှုတွေကို ကျောခိုင်း မျက်ကွယ်ပြုပြီး သခင်အားရ ကျွန်ပါးဝ ပြောဆိုနည်း မျိုးသာ ဖြစ်ပါတယ်။

ခေတ်တိုင်းခေတ်တိုင်းမှာ အုပ်စိုးသူ စစ်အုပ်စုအဆက်ဆက်က “မန်းငြိမ်းမောင်” တို့လို ဖောက်ပြန်ရေးသမား တွေကို ကျွေးမွေးပေးကမ်းပြီး လူမျိုးစုံပြည်သူတွေကို သွေးခွဲရန်တိုက်ခိုင်းစေလေ့ ရှိစမြဲပါ။ အခုလည်း အကြမ်းဖက် (စကစ)စစ်အုပ်စုက “ငွေ – မြေ နဲ့ လျှပ်စစ်မီတာတွေ” စတဲ့ မက်လုံးတွေပေးပြီး (EAO) တွေအကြားမှာ မြှူဆွယ်လာဘ် ထိုး သွေးခွဲရန် တိုက်ပေးနေတယ် မဟုတ်ပါလား။

ကျနော်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများ နှစ်သက်လိုလားတဲ့၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည် ထောင်စုစစ်စစ် (ဝါ) ဖက်ဒရယ်စနစ်ဆိုတာဟာ စစ်အုပ်စု (ဝါ) စစ်တပ်ကို ကုပ်ခွစီးထားတဲ့ ကာချုပ်က ပေးသနားထား တဲ့၊ ၂၀၀၈ အခြေခံဘောင်ထဲက အတုအယောင် ဒီမိုကရေစီ/အတုအယောင် ဖက်ဒရယ်စနစ်မျိုး မဟုတ်ပါဘူး။ စစ်အုပ် စုက ပေးထားတဲ့ – ကာချုပ်က စွန့်ကြဲထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတာ အချိန်မရွေး ပယ်ဖျက်ရုပ်သိမ်းခံရနိုင်ပါ တယ်။

ဒါကြောင့် ကျနော်တို့ နဲနဲလေးမှ မျက်ခြေမပြတ်သင့်တဲ့၊ မျက်စေ့မလည်သင့်တဲ့ အချက်ကတော့ ကျနော်တို့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ လိုလားတဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစစ်စစ်(ဝါ) ဖက်ဒရယ် စနစ် ဆိုတာဟာ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရားနဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖျက်သိမ်းပစ်နိုင်တဲ့ အခြေခံပေါ်မှာ တန်းတူရေးနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းတည်ဆောက်ယူရမယ့် မိမိတို့ကံကြမ္မာကို မိမိတို့အပြည့်အဝ ဖန်တီးနိုင်မယ့် ဒီမိုကရေစီပြည်ထောင်စု တိုင်းသစ်ပြည်သစ်ပဲ ဖြစ်ပါတယ်။

ပြတ်သားရှင်းလင်းစွာ ပြောရရင် “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရားနဲ့ ၂၀၀၈ အခြေခံ ဥပဒေ”တို့ မဖျက်သိမ်းဘဲ ဒီမိုကရေစီလို့ – ဖက်ဒရယ်လို့ပြောလာရင် အဲဒါတွေဟာ “အတုယောင် ဒီမိုကရေစီနဲ့ အတုအ ယောင် ဖက်ဒရယ်”သာ ဖြစ်ပါတယ်။ အဲဒီအတုအယောင် ဒီမိုကရေစီနဲ့ အတုအယောင်ဖက်ဒရယ်တို့ဟာ စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်ဗြူရိုကရေစီယန္တရားကို အပေါ်ယံ မိတ်ကပ်လိမ်း အလှခြယ်ပေးပြီး လူမျိုးပေါင်းစုံပြည်သူများ ကို လှည့်စား အကြမ်းဖက် ဖိနှိပ်ပါလိမ့်မယ်။

ဒါကြောင့် ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို စစ်အုပ်စုရဲ့ အသုံးတော်ခံဘဝ မကျရောက်စေဖို့ တော်လှန်ရေး သတိရှိကြပါ။

မှတ်ချက် # ဤဆောင်းပါးပါ အာဘော်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။