Home သတင်း ပုလောမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ပုလောမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

1098
Photo: ဒေသခံ

ဇွန်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ မြိတ်(ဘိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပုလောကုန်း၊နတ်အိမ်တောင်နှင့် ရှမ်းဒွတ် ကျေးရွာ ဘက်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာ၍ ဒေသခံအရပ်သားပြည်သူများ ဘေး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထွက်ပြေးတိမ်းရှောင်သူများကို ကူညီပေးနေသူ ဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့မှစ၍ စစ်ကောင်စီ တပ်ဖွဲ့များသည် ပုလောဘက်မှတက်လာ၍ ပုလောကုန်း၊ နတ်အိမ်တောင်စသည့် ကျေးရွာများဘက်သို့ ရောက်ရှိ လာပြီး လမ်းတွင် တွေ့သမျှ ဒေသခံ ရွာသားများကို ဖမ်းဆီးမှုများ ပြုလုပ်နေကာ လူသားဒိုင်းအဖြစ်ပြုလုပ်နေ ကြောင်း ကြားသိရသည်ဟု ရှမ်းဒွတ်ဒေသခံ အမျိုးသမီးက ယခုလိုပြောသည်။

၎င်းက “အခု စစ်ကြောင်း ထိုးနေတယ်။ ပုလောကုန်း၊ နတ်အိမ်တောင်၊ ရှမ်းဒွတ်ကိုလည်း နီးလာပြီး။ ပုလောကုန်း ၊နတ်အိမ်ထောင်ဖက်ကဆို ယောကျ်ား၊ မိန်းမ မရွေး အကုန်းဖမ်းနေတယ်။ ပြေးလွတ်တဲ့သူက ပြေးနေပြီး။ ဒီဘက် ကလည်း နေရာယူထားတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခန့်မှန်းအင်အား ၂၀၀ နီးပါးရှိပြီး ရွာလမ်းမအတိုင်း တက်လာခြင်းမဟုတ် ဘဲ ရွာအပြင်ဘက်ခြမ်းကနေ တက်လာကြသောကြောင့် ရွာအဝိုင်းခံရမည်ကို စိုးရိမ်သော ဒေသခံများမှ ယခုလို ထွက်ပြေးနေကြရကြောင်းလည်း အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လတ်တလော ထွက်ပြေးနေရသည့် ကျေးရွာများမှာ ၆ ရွာခန့်ရှိပြီး ပုလောကုန်း၊ နတ်အိမ်တောင်၊ ကိုင်းကြီး၊ အင်းမဝ၊ ရှမ်းဒွတ် နှင့် ကျောက်လိပ် စသည့် ကျေးရွာများ ပါဝင်ကြောင်း ထွက်ပြေးနေရသည့် ဒေသခံများထံ မှ သိရသည်။

အလားတူ အဆိုပါ ဒေသများသည် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်မြေ နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့များလှုပ်ရှားရာဒေသများဖြစ်၍ နှစ်ဖက် ထိပ်တိုက် တိုက်ပွဲ ဖြစ်လာနိုင် သည့် အခြေအနေရှိကြောင်းလည်း ဒေသခံများကဆိုသည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းဒွတ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးပစ်လိုက်ပြီဟု ဒေသခံရွာသားများထံမှ သိရှိရသည်။