Home သတင်း ဖားအံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ညှင်းပမ်းနှိပ်စက်ခံရပြီး ဆေးကုသခွင့်မရ

ဖားအံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ညှင်းပမ်းနှိပ်စက်ခံရပြီး ဆေးကုသခွင့်မရ

843

ဇွန်လ ၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ အကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို အခန်းတံခါးပိတ် ကာ ညှင်းပမ်းနှိပ်စက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာမှု များစွာရှိသလို ထိုရက်အတွင်း ထောင်ဝင်စာပိတ်ထားပြီး ဆေးကု သခွင့်မရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက “သိရသလောက်က နိုင်ကျဉ်းအားလုံးကို အခန်းထဲပိတ်ပြီး လေးခွနဲ့ ပစ်တယ်။ ဒဏ်ရာတွေရကြတယ်။ ကွဲပြဲတဲ့လူတွေလည်း အများကြီးတဲ့။ ပြီးတော့ ကြားရတာက သူတို့ကို ထမင်းလည်း မကျွေး ဘူးတဲ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်၊ စနေနေ့က နိုင်ငံရေးအကျဉ်းသားများထားရှိရာ ကြိုးကြာဆောင်မှ အကျဉ်းသားနှစ်ဦး ထောင် ဝင်းအပြင်သို့ ကြိုးနှင့်ဆင်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက်ပိုင်း နိုင်ကျဉ်းများကို အဆောင်ပြောင်းရန် ကြိုး စားရာမှ လက်မခံသည့်အပေါ် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ၎င်းနီးစပ်သူက ဆက်ပြောသည်။

ဖားအံအကျဉ်းထောင်တွင် ပုံမှန်အားဖြင့် ထောင်ဝင်စာ တွေ့ခွင့်ကို တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်တည်းသာ ပိတ် လေ့ရှိသော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ဇွန်လ ၆ရက်၊ တနင်္လာနေ့မှစ၍ ထောင်ဝင်စာကို ပိတ်ထားခဲ့ပြီး ဇွန်လ ၈ရက်၊ ယမန်နေ့က ပြန်ဖွင့်ပေးကြောင်းလည်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက ယခုလို ပြောသည်။

“ပြဿနာဖြစ်တော့ မိသားစုတွေ ထောင်မှာ ပစ္စည်းပို့လို့ မရဘူး။ ပစ္စည်းပို့တဲ့ ထောင်ဝင်စာ နှစ်ရက် ပိတ်ခံရတယ်။ အကျဉ်းသားတွေဆီ ပစ္စည်းတွေ၊ စားစရာတွေ ဘာမှပို့မရဘူး။ ငွေပို့ရင် မရောက်တာများတယ်။ ရောက်ရင်လည်း အပြည့်မရောက်ဘူး။”ဟု ဆိုသည်။

ယမန်နေ့က နိုင်ငံရေးအကျဉ်းသားများထဲမှ ထောင်ကျနေသူများ၊ ထောင်မကျသေးသူများနှင့် နိုင်ငံရေးအကျဉ်းသားမ ဟုတ်သူ အခြားအကျဉ်းသားများကိုပါ ထောင်ကြီးအဆောင်ဘက် ရွှေ့ပြောင်းလိုက်သည့်အပြင် ထောင်အတွင်းရှိ အကျဉ်းသားများမှာ မသန့်ရှင်းသည့်ရေများကိုသာ အသုံးပြုနေရသဖြင့် ကိုယ်ခန္ဓာအရေပြားပေါ်တွင် ယားယံသည့်အနာ များပေါက်နေကြသော်လည်း ဆေးကုသပေးခြင်းမရှိဘဲ အပြင်မှ ဆေးပို့လာမှသာ ကုသရကြောင်း သိရသည်။

တောင်ကလေးထောင်ဟု ဒေသခံများ ခေါ်ဝေါ်သည့် ဖားအံအကျဉ်းထောင်အတွင်း၌ အကျဉ်းသားများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှု များစွာရှိနေသဖြင့် ထိုအခြေအနေကို ကမ္ဘာ့ကြက်ခြေနီအသင်း(ICRC)က ကူညီပေးစေလိုကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြီးခဲ့သည့် မေလက ပြောဆိုခဲ့သည်။

ယင်းသို့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများမှာ ဆန္ဒထုတ်ဖော်သည့်အနေ ဖြင့် နိုင်ငံရေးသီချင်း သွေးသစ္စာသီချင်း နေ့စဉ် သီဆိုကြသည်ကို ထောင်ပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာ ပြည်သူ များ မကြားသိစေရန်၊ ထောင်တွင်း ဆန္ဒပြမှုများ မပေါက်ကြားစေရန် ထောင်မှူးနှင့် ထောင်ဝန်ထမ်းများက တရားခွေ များကို အသံချဲ့စက်ဖြင့် ကျယ်လောင်စွာဖွင့်ပြီး ဆန္ဒပြသံများကို ဖုံးထားခြင်းများ ပြုလုပ်လေ့ရှိသည်။

မေလ ၈ရက်နေ့တွင် အဆိုပါထောင်မှ နိုင်ငံရေးအကျဉ်းသား ၆၆ဦးကို မွန်ပြည်နယ်ဘက်သို့ ထောင်ပြောင်းရွှေ့ခဲ့စဉ်က ထောင်တွင်း၌ ဆန္ဒထုတ်ဖော်သူများကို ထောင်တာဝန်ရှိသူများက ရိုက်နှက်ခဲ့ပြီး ၁၇ဦးကို ခြေထောက်သံခြေကျင်းများ ခတ်ကာ တိုက်ပိတ်ထားခဲ့သည်။ ထိုသို့ သံခြေကျင်းခတ်ထားသည့်အတွက် ၎င်းတို့၏ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာ များခံစားရကြောင်း အကျဉ်းထောင်နှင့် ဆက်စပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက “သူတို့ ၁၇ယောက်က ခြောက်ပေ၊ ဆယ်ပေ အခန်းတစ်ခန်းကို လူ ၆-၇ယောက် လောက် နေရတယ်။ ရေလည်းမသန့်ဘူး။ အဲဒီအခန်းက မှောင်မဲနေတယ်။ အမိုးက သွပ်ပြား။ အပေါက်တွေရှိတော့ မိုးရေယိုထဲ အိပ်ရတယ်။ သွပ်မိုးက ပေါက်နေတော့ အဲဒီက အလင်းတော့ ရတယ်။ ဒါပေမယ့် ပိုးမွှား၊ ခြင် မျိုးစုံကိုက် တယ်။ သံခြေကျင်းဆိုလည်း အိပ်တဲ့အချိန်တောင် မဖြုတ်ပေးဘူး။”ဟု ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်မှ မွန်ပြည်နယ်သို့ ထောင်ပြောင်းရွှေ့ခံရသူများမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာဖြစ်ကြပြီး ထိုအ ကျဉ်းသားများကို ထောင်ပြောင်းရွှေ့ပြီးနောက် ထောင်မှူးနှင့် ထောင်ဆရာဝန်များကို အသစ်ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ဖားအံထောင်၏ ထောင်ပိုင်အသစ် ဦးလှဆွေ ပြောင်းလာပြီးနောက် ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ တရှိန် ထိုး မြင့်တက်လာခဲ့ရာမှ ယခုအခါ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်း သားသမဂ္ဂက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) အတွင်းရေးမှူး ကိုတိတ်နိုင်က “၂၀၂၁ ဖေဖေါ် ဝါရီနောက်ပိုင်း စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင်များဟာ စစ်အကျဉ်း စခန်းများအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ထောင်တိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာထက် ကျော်လွန်တဲ့နည်း မျိုးစုံနဲ့ အကြမ်းဖက် ညှဉ်းပမ်းနှိပ်စက်မှုတွေ ခံနေကြရတာပါ။ အစားအစာ၊ သောက်သုံးရေ မသန့်ရှင်းတာ၊ မလုံ လောက်တာ၊ နေထိုင်မှုကျဉ်းကြပ်တာတွေကြောင့် ရောဂါကူးစက်ခြင်း၊ ဆေးဝါးကုသမှုလည်း မရကြပါဘူး။ ဒီထက် ပိုဆိုးတာက စိတ်ထင်တိုင်း ပြဿနာရှာပြီး ညှဉ်းပန်းနှိပ်စက်နေတာပဲ ဖြစ်ပါတယ်။ ဒါတွေက အကျဉ်းထောင်တိုင်းလို လိုမှာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ယင်းဖြစ်ရပ်များကို စောင့်ကြည့်ကူညီနိုင်မည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း-ICRC ကဲ့သို့သော အဖွဲ့အစည်း များကိုလည်း ဝင်ခွင့်မပြုဘဲ သတင်းအမှောင်ချထားခဲ့သည့်အတွက် ယခုကာလတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတ ကာ အစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် အကျဉ်းထောင်များကို မျက်ခြေမပြတ် စောင့်ကြည့်ရန် အရေးတကြီး လိုအပ်နေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမြန်ဆုံး ထိရောက်စွာ တားမြစ်နိုင်ရေး လိုအပ်သော အရေးယူမှုများလည်း ချက်ချင်း ဆောင်ရွက်ရန်၊ သို့မဟုတ်ပါက မြန်မာနိုင်ငံ အကျဉ်းထောင်ရှိ နိုင်ငံရေးအ ကျဉ်းသားများ၏ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်းလည်း ကိုတိတ်နိုင်က ထပ်မံ တိုက်တွန်းပြောဆိုသည်။

အကျဉ်းထောင်ထဲတွင် အမိန့်ချပြီးသူများမှာ အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ရပြီး အမျိုးသားများမှာ လုံချည်၊ အကျင်္ီအ ပြာရောင်၊ အမျိုးသမီးများက အကျင်္ီအဖြူနှင့် ယောဂီထဘီ ဝတ်ဆင်ရသည့်အပြင် ထိုဝတ်စုံများကို ချုပ်ရောင်းသည့် ထောင်ဝန်ထမ်းထံမှ မိမိဖာသာ ဝယ်ယူဝတ်ဆင်ရသည်ဟုလည်း အကျဉ်းသားမိသားစုဝင်နှင့် သိကျွမ်းသူတစ်ဦးက တဆင့်ခံ ပြန်ပြောပြသည်။

သူက “အဲဒါ ထောင်က မပေးဘူး။ သူတို့ ဖာသာသူတို့ ဝယ်ဝတ်ရတယ်။ အပြင်က ပို့မပေးရင် အထဲမှာ ထောင်ပိုင်တွေ၊ ထောင်ဝန်ထမ်းတွေ ရောင်းတယ်။ တစ်စုံ ဘယ်နှစ်သောင်းလဲတော့ သေချာမသိဘူး။ သောက်ရေလည်း မသန့်ဘူး။ ချိုး ရေလည်း မသန့်ဘူး။ ရေမလုံလောက်တဲ့ ပြဿနာလည်း ရှိတယ်။ ထောင်ထဲမှာက သောက်ရေ လုပ်ရောင်းတယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ဖားအံထောင်၌ ၂၀၂၂ခုနှစ်အတွင်း နိုင်ငံရေးနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားသူ နိုင်ငံရေးအ ကျဉ်းသားများအနက် ပုဒ်မ ၅၀၅ က နှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ စီရင်ချက်ချထားပြီးသူ၊ စီရင်ချက်မချရသေးသူ များအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၂ က၊ ၅၀ ည၊ ၅၁ ဂ ပုဒ်မများဖြင့် ဖမ်းဆီးကာ တရားစွဲခံ ရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၄၀၀နီးပါးရှိသည်ဟု နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် မေလက အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှု မလုပ်ဆောင်ခင်အချိန်ထိ ဖားအံထောင်ထဲတွင် အကျဉ်း သူ/သားပေါင်း ၁၆၀၀ခန့်ရှိကြောင်း ခန့်မှန်းကြသော်လည်း အတိအကျကိုမူ ကေအိုင်စီက သီးခြား အတည်မပြုနိုင်ပါ။

ထို့အပြင် ဖားအံထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်တွင်း၌ အမိန့်နာခံမှုမရှိပါက အချိန်မရွေး ပစ်သတ် ခွင့်ကိုအထက်ကအမိန့်ပေးထားပြီးဖြစ်ကြောင်း ထောင်မှူးနှင့်ထောင်ဝန်ထမ်းများက အကျဉ်းသားများအားခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည်။

“ဒီနှစ်(၂၀၂၂)ထဲမှာ ဖမ်းခံရတဲ့သူတွေ တစ်ယောက်မှ မလွှတ်သေးဘူး။ ဖမ်းဆီးသမျှလူတွေကို သက်သေရှိရှိမရှိရှိ၊ သက် သေခိုင်ခိုင်မခိုင်ခိုင် အကုန် ထောင်ချတယ်။”ဟု အကျဉ်းသားမိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

အကျဉ်းဦးစီးဌာန၏ မှတ်တမ်းအရ ကရင်ပြည်နယ်တွင် ဖားအံအကျဉ်းထောင် “က”အဆင့်နှင့် မြ၀တီအချုပ်ထောင်တို့ ရှိပြီး ဖားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာတွင် မာလာဖူးအကျဉ်းစခန်းနှင့် လက္ခဏကျေးရွာ အကျဉ်းစခန်းနှစ်ခု ရှိသည်။