Home သတင်း စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲအောင်ချက် ပြည်နယ်တစ်ခုလုံးတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အများဆုံးဖြစ်

စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲအောင်ချက် ပြည်နယ်တစ်ခုလုံးတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အများဆုံးဖြစ်

763

ဇွန်လ ၁၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

၂ဝ၂၁ -၂ဝ၂၂ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌အောင်ချက်အများဆုံးဖြစ်သည်ဟု ယနေ့ စစ်ကောင်စီ၏ ပြည်နယ်ပညာရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် စစ်ကောင်စီမှ ဖွင့်လှစ်သည့် စာစစ်ဌာန ၃ ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၆၆ဝ ဦးအနက် ၃၃၄ ဦးဖြေဆိုအောင်မြင်ကြသည့်အတွက် ၅ဝ.၆ဝ ရာခိုင်နှုန်းရရှိ၍ မြို့နယ် ၇ မြို့နယ်တွင် အောင်ချက်အကောင်းဆုံးရရှိသည်ဟု စစ်ကောင်စီ ပြည်နယ်လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်စဉ်အောင်ချက် ကောင်းခဲ့သည့်အပြင် ပြည်နယ်အဆင့် အထက်တန်းကျောင်းများလည်း အောင်ချက်ကောင်းသည့် မြို့နယ်ဖြစ်သည်။ ထိုအခြေအနေအပေါ် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ မင်းတို့တိုင်းပြည်ဖျက်တဲ့ကောင်တွေ၊ ရွာဖျက်တဲ့ကောင်တွေ မပြောဘူးကွ” ဟု ပြောသည်။

၂၀၂၁-၂၂ ပညာသင်နှစ်တွင် ကရင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၅၃၇၈ အနက် ၂၃၉၁ ဦး အောင်မြင်ကြပြီး ဖားအံမြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ ၁၉၁၈ ဦးမှ အောင်မြင်မှု ၄၈.ဝ၂ ရာခိုင်နှုန်း ဒုတိယအဆင့်နှင့် လှိုင်းဘွဲမြို့နယ်တွင် ဖြေဆိုသူ ၈၂၇ ဦးတွင် အောင်မြင်မှု ၄၁.၄၈ ရာခိုင်နှုန်း တတိယအဆင့်အဖြစ် အောင်ချက်ရရှိကြသည်။ ဖာပွန်မြို့နယ်တွင် ဖြေဆိုသူ ၁၉၄ ဦးမှ အောင်မြင်မှု ၂၈.၈၇ ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့်တွင် အောင်ချက်အနည်းဆုံးဖြစ်သည်ဟု စစ်ကောင်စီပညာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။