Home သတင်း သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၆ ဦးနှင့် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆီးရမိ

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၆ ဦးနှင့် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆီးရမိ

947
Photo: CJ

မေလ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယမန်နေ့က သေ့ဘောဘိုးအခြေစိုက် စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့ဝင် တက်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စခန်းအတွင်း စစ်ကောင်စီစစ်သုံ့ပန်း ၆ ဦးနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆီးရမိခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်ခဲ့သူ တပ်မှူးတစ်ဦးက ပြောသည်။

မေလ ၁၈ ရက် နံနက်ပိုင်းက သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်နှင့် KNLA / KNDO ပူးပေါင်းတပ်များအကြား တိုက်ပွဲစတင်ဖြစ်ပွားနေပြီး သေ့ဘောဘိုးစခန်းအား မွန်းလွဲပိုင်းမှသာ KNLA ပူးပေါင်း အဖွဲ့များဘက်က တက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လတ်တလော ကနဦးရှင်းလင်းမှုအပြီးအတွင် စစ်သုံ့ပန်း ၆ ဦးနှင့် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်း ရမိခဲ့သည်ဟု KNDO အထူးတပ်ရင်း တပ်ခွဲ(၂) တပ်ခွဲမှူး စောဟယ်ရီက ယခုလိုပြောသည်။

“အခုလောလာဆယ်က ၆ ဦးအရှင်ဖမ်းမိတယ်။ ကျန်တဲ့သူတွေက ထွက်ပြေးနေကြတာ လိုက်ဖမ်းလို့ အကုန်မမိ သေးဘူး။ လက်နက်တွေလည်း အခုသိမ်းဆည်းရမိထားတာတွေ ရှိတယ်။ ဒါပေမဲ့ ညနေလောက်ကျရင် ထပ်ဖမ်း မိ သိမ်းမိအုံးမလားမသိသေးတော့ လောလောဆယ်က ၈၁ မမတစ်လက်၊ ၆၁ မမ နှစ်လက်နဲ့ စက်လတ်(စက်သေနတ်)တစ်လက်နဲ့ လက်နက်ငယ် ၇ လက်ရတယ်။ ကျည်ကတော့ ပြောမနေနဲ့ အများကြီးရ တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

စခန်းသိမ်း တိုက်ပွဲအပြီး ဖမ်းဆီးသိမ်းဆည်းရမှုစာရင်းကို KNLA/KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်ပုံများအရ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများတွင် ၈၁ မမ၊ ၆၁ မမ၊ RPG၊ MA 3 စသည့် လက်နက်များအပြင် လက် နက်ကြီးကျည်များ၊ လက်နက်ငယ်ကျည်များ၊ လက်ပစ်ဗုံးများ၊ ထောင်မိုင်းများနှင့် ဆက်သွယ်ရေး စက်များ၊ ဒရုန်း ယာဉ်ငယ်အပြင် ညကြည့် မှန်ပြောင်းများပါ ပါဝင်ကြောင်းတွေ့ရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်း ကင်းထောက် လေယာဉ်ဖြင့် ကင်းထောက်ပေးပြီး ဂျက်တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေး ရဟက်ယာဉ် ၄ စင်းအသုံးပြု၍ အကြိမ်ပေါင်း ၃၀ ထက်မနည်း လေကြောင်းပစ်ကူပေးခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းတွင် စစ်ကောင်စီ အင်အား ၂၅ ဦးခန့်ရှိပြီး ၆ ဦး အရှင်ဖမ်းမိထားကာ ၁၀ ဦးခန့် လွတ်မြောက်နေဆဲ ဖြစ်ပြီး ကျန်သူများမှာ တိုက်ပွဲအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း KNDO တပ်မှူးက အတည်ပြုပြောဆိုသော် လည်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးစာရင်းနှင့် ဖမ်းဆီးရမိမှုတွင် အဆင့်ရာထူး အသေးစိတ်ကိုမူ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးကြောင်း တွေ့ရသည်။

၎င်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြားသလို KNLA/KNDO ပူးပေါင်း တပ်ဖွဲ့ဘက်တွင်လည်း ၃ ဦးကျဆုံးက ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း ပစ်ကူများကြောင့် မြေပြင်တွင် သေ့ဘောဘိုး၊ ဥုကလိထ၊ ဘလယ်ဒို ဒေသခံများမှာ ထိုင်းနိုင်ဘက်အခြမ်းသို့ အရေးပေါ် စစ်ဘေးရှောင်နေကြရပြီး နေအိမ်အဆောက်အဦးများ၊ ကျောင်းဆောင်အချို့ ထိခိုက် ပျက်စီးသွားကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ စခန်းသိမ်းဆည်းရမိမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များအနေ ဖြင့် အသေးစိတ် သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။