Home သတင်း စစ်ကောင်စီတပ်က ၃ ရက် ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းရွာရှိ လူနေအိမ်များထိခိုက်ပျက်စီး

စစ်ကောင်စီတပ်က ၃ ရက် ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းရွာရှိ လူနေအိမ်များထိခိုက်ပျက်စီး

940

မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၉၇)တပ်ရင်းက မေလ ၁၆ ရက်နေ့မှစပြီး မြို့၏ အနောက်ဘက်ပိုင်းရှိ တောင်ကြာအင်းကျေးရွာများဘက်ကို ယမန်နေ့ ညအထိ ၃ ရက်ဆက်တိုက်အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့သဖြင့် နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်ရှိ စစ်ကောင်စီတပ် အမှတ် (၉၇)တပ်ရင်း၏ အကြောင်းမဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မဖော်သူ ဒေသခံတစ်ဦးက ” ည ၈:၃၀ က စပစ်တာ ၁၀ နာရီလောက်မှ အသံငြိမ်တယ်။ ဒီမနက်ထိအသံ ၂ ချက်ကြားရတယ်၊ ဘုန်းကြီးကျောင်းထဲကိုလည်း ပစ်ထည့်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်မှ ယခုလို အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာနှင့်ချီသည့် ဒေသခံ ရွာသားများမှာ ကျေးရွာ‌များတွင် မနေရဲကြတော့ဘဲ အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အတူ ယမန်နေ့ မေလ ၁၈ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်တိုက်ခိုက်သိမ်းယူသည့် ဖြစ်စဉ်ကြောင့် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃၀ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သဖြင့် လူနေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရ။