Home သတင်း သေ့ဘောဘိုး တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း တိမ်းရှောင်ကြသော ဒေသခံရွာသားများ နေရပ်မပြန်ရဲကြသေး

သေ့ဘောဘိုး တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း တိမ်းရှောင်ကြသော ဒေသခံရွာသားများ နေရပ်မပြန်ရဲကြသေး

1045
Photo: CJ

မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းအား မေလ ၁၈ရက်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်း တပ်ဖွဲ့ များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြသည့် ဒေသခံ ရွာသား ၃၀၀ ခန့်မှာ ယခုအချိန်ထိ နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

ယမန်နေ့ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ဘလယ်ဒို၊ သေ့ဘောဘိုးနှင့်အနီးအနား တောင်ယာစုများတွင် နေထိုင်သည့် ဒေသခံများမှာ ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရကျေးနယ်အပိုင် ကျေးရွာများဘက်သို့ တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

“ ၁၇ ရက်ညက တိုက်ပွဲကြီးတော့ ရွာအပြင် ထွက်ပုန်းရှောင်အိပ်ပြီးတော့ မနက်ပိုင်းမှာ ထိုင်းဘက်ကမ်းဘက်မှာ ပြောင်းနေကြတယ်၊ တချို့လည်း ဘုန်ကြီးကျောင်းမှာ သွားစုနေတယ်။ ထိုင်းဘက်ကတော့ ကျေးရွာလူမှုရေး အဖွဲ့တွေကတော့ ထမင်း ၊ မုန့်၊ ရေသန့်၊ အချိုရည်တွေ လာပို့ပေးတယ်၊ မနေ့ကရော၊ ညကရော လေယာဉ်က ဗုံးကြီးတွေ ကြဲချရာမှာရွာက အိမ်တွေထိတယ်တော့ ကြားသိရတယ်၊ ပြန်တော့ မကြည့်ရဲသေးဘူး” ဟု ထိုင်းဘက် စစ်ရှောင်နေရ သူတစ်ဦးက ပြောသည်။

KNU တပ်မဟာ ၆ ဒေသအတွင်း လေးကေ့ကော်၊ ဒေသတိုက်ပွဲများ ၅ လကျော် ကြာမြင့် လာချိန်တွင် သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေးဒေသများဘက်သို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်လုပ်ဆောင်နေမှုများကြောင့် ဒေသခံကျေးရွာများ ဖြစ်သော ဘလယ်ဒို၊ သေ့ဘောဘိုး၊ ရွှေအေးမြိုင်၊ ဥုကရိထ၊ တနောထ၊ စုကလိ၊ ထီးသဲဘလယ်၊ ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲလွတ်ရာထိုင်း မြန်မာနယ်စပ်ဘက်သို့ အစုလိုက် စစ်ဘေးရှောင်နေကြရသူ တစ်ထောင်၀န်းကျင်ခန့် ရှိနေကြောင်း သိရှိရသည်။

Photo: CJ