Home သတင်း စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူ အရပ်သား ၉၀ ကျော် တစ်ပတ်ကျော်ကြာထိ ပြန်မလွှတ်လာသေး

စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူ အရပ်သား ၉၀ ကျော် တစ်ပတ်ကျော်ကြာထိ ပြန်မလွှတ်လာသေး

948

မေလ ၁၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

သထုံခရိုင်၊ ဘီးလင်းမြို့နယ် စစ်ကောင်စီ လေးကေစခန်းထဲတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်က ဖမ်းဆီးထားသည့် အရပ်သား ၉၀ကျော်ရှိပြီး တစ်ပတ်ကျော်ကြာသည်အထိ ပြန်လည်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မေလ ၅ရက်နေ့ကတည်းက စစ်ကောင်စီ၊ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းကို စစ်ကူတက်လာသည့်အချိန်တွင် လမ်းတစ်လျှောက်တွင် ဒေသခံလူထုများကို ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းသဖွယ် ပြုလုပ်ရန် လိုက်လံဖမ်းဆီးပြီး နောက် လေးကေစခန်းတွင် ဖမ်းဆီးခေါ်ဆောင်ထားသော်လည်း ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိရသေးကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “သူတို့ ဖမ်းထားတာကြာပြီး ဖမ်းတဲ့လူတွေကို ပြန်လွှတ်တာ မကြာသေးဘူး။ အခု ဘီးလင်းမြို့နယ်မှာ အဲဒီအဖမ်းခံရတဲ့ရွာတွေမှာလည်း ဒေသခံလူထုတွေက ထွက်ပြေးကြတယ်ဆိုတော့ အဖမ်းခံရတဲ့လူတွေ အခြေအနေ ဘယ်လိုရှိလဲ။ ဘယ်သူမှ မသိဘူး။ တကယ်လို့ ထွက်လာရင်တော့ သတင်းတွေကြားရမယ်။ အခုက ဘာမှမကြားရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖားအံမြို့နယ် ဝဲပျံ၊ ပေပင်ဆိပ်၊ ဘုရားစင်ရွာ စသည့်ကျေးရွာများတွင် ဒေသခံလူထုများ အဖမ်းဆီးခံရခြင်းရှိ သည့်အပြင် ကျေးရွာထဲတွင် BGF အဖွဲ့ဝင်များ ငွေကြေးကောက်ခံမှုရှိသည်ဟုလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ယခုလို ပြောသည်။

၎င်းဒေသခံက “လူတွေကို ဖမ်းတာမကဘဲ ဖားအံမြို့နယ်မှာ BGF နဲ့ စစ်တပ်က ရွာတော်တော်များများမှာ ပိုက်ဆံ တောင်းတယ်။ အချိန်သုံးရက်ပဲ ပေးတယ်။ ဒေသခံတချို့က ပိုက်ဆံရှိတာ မဟုတ်ဘူး။ တချို့ဆို ပိုက်ဆံ ၁သောင်း ၂သောင်းတောင် လက်ထဲမှာ မရှိဘူး။ သူများဆီက ပိုက်ဆံချေးပြီးပေးရတယ်။ မပေးရင် ရွာကို ပြန်ခြိမ်းခြောက်မှာကို ကြောက်တော့ အခုဆိုရင် သူတို့တောင်းတဲ့ရွာတွေမှာ ပိုက်ဆံပေးပြီးကုန်ပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။

မေလ ၁၂ရက်နေ့ကလည်း နယ်ခြားစောင့်တပ် BGF အမှတ်((၁၀၁၄) မှ တကောင်ဘိုးကျေးရွာအုပ်စု ဝဲပျံကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံရပ်မိရပ်ဖများကိုခေါ်ယူကာ ပိုက်ဆံကောက်ခိုင်းခြင်းရှိသည့်အတွက် အဆိုပါကျေးရွာ အုပ်စုထဲတွင်ရှိသည့် ကျေးရွာ ၁၄ရွာမှ ငွေကျပ်ပေါင်း ၁၃၈သိန်းကို ကောက်ခံရရှိပြီး မေလ ၁၆ရက်နေ့တွင် နယ်ခြား စောင့်တပ် BGF ကို ပေးလိုက်ကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ဒေသခံလူထုများကို ဖမ်းဆီးချုပ်နှောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်းသည် ပြည်သူလူထု အခွင့် အရေးနှင့် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ စောနန္ဒဆူး က ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်ကောင်စီက ဒီလိုအသုံးပြုတာဟာ နံပါတ်(၁)အချက်က ရွာသားတွေရဲ့ ဘေးကင်းစွာနေထိုင်ခွင့်နဲ့ လုံခြုံခွင့် အခွင့်အရေးကို ချိုးဖောက်နေတယ်။ ပြီးရင် နံပါတ်(၂)အချက်က လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ချိုးဖောက်တယ်။ ပြီးတော့ ဒီလိုလူသားဒိုင်းအဖြစ် ဖမ်းဆီးချုပ်နှောင်တာတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လည်း ချိုးဖောက်ရာရောက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ဖမ်းဆီးခံထားရသူ ဒေသခံပြည်သူများမှာ ပြန်မလွှတ်သေးသည့်အပြင် အဆက်သွယ်မရသဖြင့် ၎င်းတို့ မည် သည့်နေရာ၌ရှိသည်ကို မသိရှိဘဲဖြစ်နေသည်ဟုလည်း အခြားကျေးရွာမှ ၎င်းတို့၏ဆွေမျိုးများက ပြောသည်။

ဘီးလင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံလူထု စစ်ရှောင်တစ်သောင်းကျော်မှာလည်း မိုးရွာသွန်းသော ကြောင့် ယခင်တိမ်းရှောင်ခိုလှုံသည့် လှိုဏ်ဂူနှင့် တောထဲတွင်ဆက်နေရန် အဆင်မပြေတော့သည့်အတွက် အခြားဒေသ ရှိကျေးရွာများတွင် ထပ်မံ ပြောင်းရွှေ့နေထိုင်ကြရသည်ဟု သိရသည်။