Home သတင်း စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီမှ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီမှ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့

905
Photo: KNU Mutraw News

မေ ၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) အတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာကျ ကျောက်ညှပ်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ ဗျူဟာကျ အခြေစိုက်စခန်းကို KNU တပ်မဟာ(၅)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပြီး ပြီးခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ ၁ ရက်နေ့ထဲတွင်ပင် တိုက်လေယာဉ်ဖြင့် (၁၀) ကြိမ်ခန့် မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ဒေဘုနိုနှင့် သေကာထာကျေးရွာများအပေါ် လာရောက်ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိပြီး ဒေသခံများအပေါ် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ယနေ့အချိန်ထိ စစ်ကောင်စီဘက်မှ ဒရုန်းယာဉ်များဖြင့် နေ့ညမပျက်စေလွှတ်ထောက်လှမ်းလျက်ရှိကြောင်း KNU က ဆိုသည်။

အလားတူ မေလ (၁) ရက်နေ့ထဲတွင်ပင် မာထောရွာအခြေစိုက် စစ်ကောင်စီ၏ စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၈) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း(ခမရ-၄၀၈)သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ မယ်ညုထာကျေးရွာ အုပ်စုရှိ မယ်ညုထာကျေးရွာအတွင်းသို့ ၈၁-မမ (၃)လုံးအား ပစ်ချခဲ့ခြင်းကြောင့် ဒေသခံ စောဖားကယ်၏ စပါး(၉၀)တင်းဆံ့ သိုလှောင်ထားသည့်စပါးကျီတစ်လုံး မီးလောင်ပြာကျသွားကာ ယင်းအနီးရှိ ဆန်စက်တစ်လုံးပါ မီးလောင်ပျက်စီးသွားခဲ့ပြီး လူသူ၊ တိရိစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Photo: KNU Mutraw News

စစ်ကောင်စီ၏ (၄၃၄) တပ်ရင်း အခြေစိုက်ရာ ကျောက်ညှပ်စခန်းကို KNLA အပါအဝင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အခြားသောမဟာမိတ် တပ်ပေါင်းစုများပါဝင်၍ တက်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၎င်းစခန်းအနီးရှိ မယ်ညုထာကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောက်ခဲ့ရကြောင်းလည်း BPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ KNU သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာထဲသို့လည်း မေလ (၁) ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနေအိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင်စီ တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ထွက်ခွာပေးရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း-၂ ဌာနချုပ်က သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ထွက်ခွာသွားခြင်းမရှိသည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်ကလည်း KNU တပ်မဟာ(၁) နယ်မြေကို ယခုလို ပထမဦးဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။