Home သတင်း စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ KNDO ထံ လာရောက်ပူးပေါင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟု ပြော

စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ KNDO ထံ လာရောက်ပူးပေါင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟု ပြော

1422
Photo: KNDO

မေလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက် ဝေါလေဒေသအခြေစိုက် စစ်ကောင်စီ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမှတ် – ၉၀၄ မှ တပ်ကြပ်အဆင့်နှစ်ဦးသည် လက်နက်အပြည့်အစုံနှင့်အတူ ယမန်နေ့ မေလ ၂ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNDO က ပြောသည်။

ဝေါလေ အခြေစိုက် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၀၄ မှ တပ်ကြပ် ဝင်းနိုင် ကိုယ်ပိုင်နံပါတ် တ-××× ၇၄ နှင့် ဒုတပ်ကြပ်ပြုံးချို ကိုယ်ပိုင်နံပါတ်တ-××× ၆၈တို့ နှစ်ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ခု၊ ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ KNDO လုံခြုံရေးတပ်ရင်းနှင့် ချိတ်ဆက်ကာ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

စစ်သက် ၇ နှစ်ရှိ တပ်ကြပ်ဝင်းနိုင်က “ဘာကြောင့် စစ်ကောင်စီလက်အောက်မှာ ကျနော်တို့ မနေချင်လဲဆိုတော့ စစ်ကောင်စီက ပြည်သူတွေ နှိပ်စက်တာ များတယ်ပေါ့နော်။ လိုင်းပေါ်မှာ တွေ့နေတယ်ပေါ့။ ကိုယ်တွေလည်းပဲ ကြုံခဲ့ဖူးတယ်လေ။ ဒီစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း အရင်က ပူးပေါင်းဖို့က ပူးပေါင်းလို့မရဘူးဖြစ်နေတယ်။ အမိန့်နဲ့အာဏာအောက်မှာ နေနေရတော့ ချုပ်ချယ်ထားတဲ့ ပုံစံဖြစ်နေတော့ ထွက်လို့မရဘူးပေါ့။ အခုမှ ကျနော်တို့က ဆက်သွယ်ပြီးတော့မှ ကျနော်တို့ ထွက်လာတာ။ “ဟု ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ပြည်သူများနှင့်ပူးပေါင်းပြီးစစ်အာဏာရှင်ကို ပြန်လည် တော်လှန်တိုက်ခိုက်သွားမည်ဟုလည်း တပ်ကြပ် ဝင်းနိုင်က ယခုလို ဆက်ပြောသည်။

“ကျနော်ကတော့ ပြည်သူတွေနဲ့ပဲ ပူးပေါင်းမယ်။ နောက်ပြီးတော့ ဒီစစ်ကောင်စီကို ဒီကအဖွဲ့အစည်းနဲ့ပူးပေါင်းပြီးတော့မှ ကျနော်ပြန်ပြီးတွန်းလှန်တိုက်ခိုက်မယ်။ မရရအောင်တော့ ကျနော်တိုက်ယူမှာပဲ။ ကျနော့်စိတ်ထဲမှာတော့ ဟိုးအစောကြီးကတည်းကလည်းပဲ ဒီထဲမှာ ပူးပေါင်းဖို့ရှိပါတယ်။”ဟု သူက ပြောသည်။

Photo: KNDO

ဒုတပ်ကြပ် ပြုံးချိုကလည်း ” ရှေ့ဆက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်သွားရမှာက ဒီစစ်ကောင်စီကို တွန်းလှန်ဖို့ပေါ့။ ကျနော်ရှိနေသရွေ့လည်း ဆက်ပြီးတွန်းလှန်မယ်။ ” ဟု ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ၎င်းတို့နှစ်ဦး၏ ဆန္ဒအတိုင်းလိုက်လျောသွားမည်ဟု KNDO လုံခြုံရေးတပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောသည်။

” သူတို့ပြောပုံအရ တပ်ထဲမှာ သူလည်း ထွက်ပြေးချင်တယ်။ ကိုယ်လည်း ထွက်ပြေးချင်ကြတယ်။ အချင်းချင်းကြားမှာ မယုံသင်္ကာစရာတွေဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိပေးတာတွေမရှိကြဘူး။ သူတို့အတွက် အင်မတန်မှ ခက်ခဲပါတယ်။ အဲဒါကြောင့် စစ်ကောင်စီကို သူတို့ စိတ်ကုန်သွားတော့ ကျနော်တို့ဘက်ကို လာရောက်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တော်လှန်ချင်ကြတယ်။ “ဟု ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ဒေါနအရှေ့ခြမ်း လေးကေကော်နှင့် ဝေါလေဒေသဘက်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းခဲ့သည့် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအ ဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၈ဦးရှိသည်ဟု KNLA ဘက်က ပြောဆိုထားသည်။