Home သတင်း ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ် ၁ ဖွင့်ရန် မြန်မာဘက်တွင် သန့်ရှင်းရေး လုပ်ဆောင်နေ

ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ် ၁ ဖွင့်ရန် မြန်မာဘက်တွင် သန့်ရှင်းရေး လုပ်ဆောင်နေ

978
Photo: CJ

မေလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) အား ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံ အစိုးရက မေလ ၁ ရက်နေ့တွင် ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်ထားသလို ယခုမေလ ၃ရက် နံနက်ပိုင်းတွင် မြန်မာဘက်အခြမ်း တံတားဂိတ် ပြန်လည်ဖွင့်လှစ်ရန် မြန်မာစစ်ကောင်စီဌာန၀န်ထမ်းများကလည်း သန့်ရှင်းရေး ပြုလုပ်နေကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁) အား ပြီးခဲ့သည့် ကိုဗစ် ၁၉ ကူးစက်ရောဂါ ထိန်းချုပ် ရေး ကာလ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်မှစ၍ နှစ်နိုင်ငံနယ်စပ်အသွားအလာ ကန့်သတ်ချက်ပိတ်ထားခဲ့သည်မှ ၂ နှစ်ကျော်ကြာပြီဖြစ်သည်။

ထို့ကြောင့် ကူးစက်ရောဂါ ထိန်းချုပ်မည့် အစီအမံများ စည်းကမ်းချက်များ သတ်မှတ်ပြီး ထိုင်းနိုင်ငံဘက်သို့ ၀င်ထွက်သွားလာ အလုပ်လုပ်ကိုင် ခွင့်ပြုမှုများပြန်လည် စတင်ကြရန် ထိုင်းနိုင်ငံ၀န်ကြီးချုပ် ပရာယွတ် ချန်အို ချာက ညွှန်ကြားထားသည့်အတိုင်း မဲဆောက်မြို့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးဌာနဆိုင်ရာများက တံတားအမှတ် (၁) အား မေလ ၁ ရက်နေ့က သန့်ရှင်းရေးလုပ်ငန်းလုပ်ဆောင် အသင့်ပြင်ထားသကဲ့သို့ မြန်မာဘက်အခြမ်းတွင် စစ်ကောင်စီဌာနများက မေလ ၃ရက် နံနက်ပိုင်းတွင် တံတားသန့်ရှင်းရေး ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မြ၀တီ ချစ်ကြည်ရေးအမှတ် ၁ တံတားအနီးနေထိုင်သည့် မြ၀တီ မြို့ခံတစ်ဦးက “မြ၀တီတံတား ၁ က မြန်မာ ဘက်ရော၊ ထိုင်းဘက်ကရော တံတားသန့်ရှင်းရေးလုပ်တာပါပဲ မဖွင့်သေးပါဘူး၊ သန့်ရှင်းရေးလုပ်တာ ကိုကြည့် ရင်တော့ ဖွင့်နိုင်ခြေများမယ့်သဘောတော့ရှိတယ် ပြောရမယ်။ မြ၀တီဘက်မှာတော့ တံတားထိပ်အခြေအနေက ပြီးခဲ့တဲ့ရက်က မိုင်းပေါက်ကွဲပြီး ပျက်စီးနေတဲ့အခြေအနေကို အခု မေလ ၃ ရက် မနက်ပိုင်းမှာ စည်ပင်အဖွဲ့တွေတံတားပေါ်နဲ့ တံတား ပတ်၀န်းကျင်ပြင်ဆင်သန့်ရှင်းရေး လုပ်နေတာတွေ့ရတယ်။ “ဟု ပြောသည်။

သို့သော် ချစ်ကြည်ရေးတံတား ပြန်ဖွင့်လှစ်မည့်အခြေအနေနှင့် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်က ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းလည်း ၎င်းမြို့ခံက ဆက်ပြောသည်။

Photo: CJ

” ထိုင်းဘက်နဲ့ အလုပ်သမားပို့တဲ့ MOU အဖွဲ့တွေ ပြောတာတော့ ၅ ရက်နေ့မှာ MOU အလုပ်သမားတွေ ထိုင်းဘက် စသွင်းခွင့်ကို တံတား ၁ မှာ စလုပ်မယ်လို့တော့ ကြားတယ်။ အရင်လို မြ၀တီ မဲဆောက်ဒေသခံတွေ ၊ ဧည့်သည်တွေ၊ ကုန်စည်တွေ ကူးသန်းသွားလာခွင့်ကတော့ ဘယ်လို စည်းကမ်းအသစ်တွေနဲ့ သွားလာရမလဲ ဆိုတာတော့ မြန်မာဘက်က မထုတ်ပြန်သေးဘူး”ဟု သူက ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီ -မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ပိတ်ထားသော်လည်း တံတားအမှတ် ၂ ဘက်တွင်မူ ထုတ်ကုန် /သွင်းကုန်များကန့်သတ်ချက်များဖြင့် ကုန်စည်ဖလှယ်သယ်ဆောင်ရောင်း၀ယ် ခွင့် ပြုထားခြင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လည်၀င်ရောက်မှုအစီအစဉ်ကို လူဦးရေ ကန့်သတ်ချက်ဖြင့် နေရပ်ပြန်လည် ၀င်ရောက်ခွင့် ပြုထားလျက်ရှိသည်။

သို့သော် MOU အစီအစဉ်ဖြင့် ထိုင်းနိုင်ငံတွင် ၀င်ရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများ ပို့ဆောင်ရေး အစီအစဉ် နှင့် ထိုင်းကုန်သွယ်ရေး မြန်ဆန်ချောမွေ့စေရေး အစီအစဉ်များမှာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေ မှုကြောင့် မြန်မာကုန်သည်များ၊ အလုပ်သမားအေဂျင်စီများ လုပ်ငန်းလုပ်ဆောင်ရန် အခက်တွေ့နေကြကြောင်း သိရသည်။

လာမည့် မေလ ၅ ရက်နေ့တွင် MOU မြန်မာရွှေ့ပြောင်းလုပ်သား ခေါ်ယူရန် ထိုင်းနိုင်ငံ အလုပ်သမားဌာန က စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားသော်လည်း မြန်မာဘက်တွင် တရား၀င်ညွှန်ကြားချက် တစ်စုံတရာ မကြားသိရသေးကြောင်း သိရသည်။