Home သတင်း တနင်္သာရီတိုင်း တကူကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံလူထု ၂,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်း တကူကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံလူထု ၂,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

343
Photo: CJ

မေလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး တကူကျေးရွာအုပ်စုတွင် ယမန်နေ့ မေလ ၁၉ ရက် ညဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သား ၂,၀၀၀ ခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည ၇ နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်‌ဘက်က ကျေးရွာများထဲသို့ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်း ၊ သံတိုက်၊ ရွာမ၊ စသော ကျေးရွာများမှ ဒေသခံနှစ်ထောင်ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု စစ်ရှောင်ကူညီပေး သူများ၏ ပြောပြချက်အရ သိရသည်။

စစ်ရှောင်များအား လိုက်လံကူညီပေးသူတစ်ဦးက “ညဘက်ကြီးပစ်ထည့်တာ၊ တောထဲတွေဘက်ကို ရှောင်နေရတယ်။ တစ်ချို့တစ်လေကတော့ မြိတ်ဘက်ကို သွားကြတာတွေ အများကြီးရှိတယ် ။ အခုဆို မိုးတွေဆက်တိုက်ရွာနေတော့ အရမ်းဒုက္ခရောက်နေကြတယ်။”ဟု ပြောသည်။

ထို့အပြင် ယခုလို ဒေသတွင်းစစ်ရေးပဋိပက္ခဖြစ်ပွားခြင်းနှင့်ဆက်စပ်၍ စစ်ကောင်စီတပ်များသည် တကူကျေးရွာအုပ်စုနှင့် မြို့ထဲသို့ သွားသည့်လမ်းကြောင်းကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင် လာသည်ဟု ဒေသခံများက ပြောသည်။

“အခုလမ်းကြောင်းတွေက လုံးဝမကောင်းဘူး၊ မြိတ်မြို့ထဲမှာ သွားတာတောင် တအားစစ်ဆေးတယ်၊ ဆိုင်ကယ်တွေဖွင့် ဖုန်းတွေဖွင့်ခိုင်းတယ်။ အိမ်နားက ကောင်လေးတစ်ယောက်တောင် မနေ့က ဖုန်းထဲက တော် လှန်ရေးနဲ့ပတ်သက်တာတွေလို့ ပိုက်ဆံ ၅ သောင်းပေးပြီးပြန်ရွေးလာရတာ၊ “ဟု အမည်မဖော်လသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း KNU -ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေတွင်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသော်လည်း ယခုလပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းဖြစ်သည်။