Home သတင်း သံပုရာသီးတစ်လုံး ၃ ကျပ်သာ စျေးရှိသည့်အတွက် တောင်သူများအရှုံးပေါ်

သံပုရာသီးတစ်လုံး ၃ ကျပ်သာ စျေးရှိသည့်အတွက် တောင်သူများအရှုံးပေါ်

2070

မေလ ၂ဝ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် သံပုရာသီးအထွက်နှုန်း တိုးလာသော်လည်း စျေးကောင်းမရဘဲ တစ်လုံးလျှင် ၃ ကျပ်သာစျေးရသည့်အတွက် စိုက်တောင်သူများအရှုံးပေါ်လျက်ရှိသည်ဟု သိရသည်။

ယခင်နှစ်က သံပုရာသီးတစ်လုံးလျှင် ၁၅ဝ ကျပ် စျေးနှုန်းရှိခဲ့ရာမှ ယခုနှစ်အသီးပေါ်ချိန် တစ်လုံးလျှင် ၃ ကျပ်သာ စျေးနှုန်းရှိသလို အဝယ်ဒိုင်များလည်း ၎င်းတို့လိုသလောက်သာ ဝယ်ယူနေ‌တော့သည့်အတွက် ပိုလျှံအသီးများ ကို ပစ်ထားရပြီး ဝယ်သူမရှိတော့သည့်အတွက် စားဝတ်နေရေးလည်း ခက်ခဲလာလျက်ရှိသည်ဟု ကြာအင်းကျေးရွာမှ တောင်သူ နော်စေးကဲက ပြောသည်။

၎င်းက “ ဒီနှစ်အသီး တအားထွက်တယ်။ သံပုရာသီးက ၃ ကျပ်၊ ရှောက်သီးက ၁ဝ ကျပ်ဝန်းကျင်ပဲဆိုတော့ အသီးခူးခတွေ သယ်ယူစရိတ်တွေတောင် မကာမိတော့ဘူးလေ။ နောက်ပြီး လိုသလောက်ပဲ လာဝယ်ကြတယ်။ ကျန်တဲ့အသီးတွေက ဒီအတိုင်းပဲ ပုံထားရတာပေါ့။ ဒါနဲ့ပဲမှီခို စားသောက်နေရတော့လေ ခုလိုစျေးကျသွားတော့ စားဝတ်နေရေး အကုန်ခက်ခဲသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တဂေး၊ ကြာအင်း၊ ကြတ်ခတ်ချောင်း၊ ခုတ်ခွား၊ ကျိုက်ဒုံ၊ နတ်ချောင်းဖျားနှင့် အခြားကျေးရွာများတွင် ရှောက်၊ သံပုရာပင်အများစု စိုက်ပျိုးကြလျက်ပြီး ဒေသအတွင်း စစ်ဖြစ်ပွားခြင်း၊ သွားလာရေး ခက်ခဲမှုများရှိလာခြင်းနှင့် ဆီစျေးနှုန်းများပါ မြင့်တက်နေ၍ အသီးများကို သယ်ယူစရိတ်ကုန်ကျမှုပင် မကာမိတော့သည့်အတွက် ကြွေသီးများဖြင့် ပစ်ထားနေရသည်ဟု စိုက်တောင်သူများက ပြောသည်။

“ မှာယူတာတွေ နည်းသွားတော့ များများမဝယ်နိုင်တော့ဘူးပေါ့နော်။ မြို့က ဆိုင်တော်တော်များလည်း ပိတ်ထား ကြတယ်လေ။ အဲ့ဒါကြောင့်လည်း စားသုံးသူ နည်းသွားတော့ စျေးလည်းကျသွားတယ်။ သယ်ယူပို့ရတာ လည်း စစ်ဆေးတာတွေများတော့ ခက်ခဲကြတယ်။ အရင်လိုရောင်းကောင်းရောင်းဝယ် မပြေတော့ဘူး” ဟု ကြာအင်းဆိပ်ကြီးမြို့မှ အမည်မဖော်လိုသူ အဝယ်ဒိုင်တစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သံပုရာသီးသည် တောတောင်၊ လျှိုမြောင်များတွင် မိရိုးဖလာနည်းဖြင့် စိုက်ပျိုး ထားကြသည့်အတွက် အသီးရက်ရှည်အထားခံခြင်း၊ အရည်များများထွက်ရှိခြင်း၊ အလုံးရေလှပသည့်အတွက် မော်လမြိုင်၊ ရန်ကုန်မြို့ဘုရင့်နောင်ပွဲရုံများတွင် နှစ်စဉ်မှာယူလျက်ရှိပြီး စားသောက်ကုန်နှင့် ဖျော်ရည်များတွင် အသုံးပြုကြသလို ဆေးဖော်စပ်ရာတွင်လည်း သုံးစွဲလေ့ရှိသည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။