Home သတင်း သံလွင်မြစ်အနောက်ဘက် ကျေးရွာများတွင် မကြာခဏပေါ်တာဆွဲခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေရ

သံလွင်မြစ်အနောက်ဘက် ကျေးရွာများတွင် မကြာခဏပေါ်တာဆွဲခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေရ

1161

မေလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် နယ်ခြားစောင့်တပ် -(BGF) တပ်ဖွဲ့က မကြာခဏဆိုသလို ဝင်ရောက်ပေါ်တာဆွဲခြင်းများကြောင့် ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် နေထိုင်နေကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။

ယခုမေလ လဆန်းမှစ၍ ဝဲပျံ၊ ပေပင်ဆိပ်၊ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတန်းကြီး၊ မီးဘုန်းနှင့် အနီးအနားရှိ ကျေးရွာများတွင် BGF ၁၀၁၄ တပ်ရင်းမှ ဗိုလ်တင်ဝင်းဆိုသူက အသက်မပြည့်သေးသူ ကလေးငယ်များအပါအဝင် အမျိုးသမီး၊ အမျိုးသားမရွေး မကြာခဏဆိုသလို လိုက်လံပေါ်တာဖမ်းဆီးမှုများလုပ်ဆောင်နေသည်ဟု အမည် မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

”သံလွင်မြစ်ကိုကူးပြီးပြေးလည်း မရပါဘူး၊ စက်လှေတွေနဲ့စီးပြီးဖမ်းတာ။ ကလေးကောလူကြီးကော၊ အကုန်ဖမ်းတာ၊ ခုလည်းလူငယ်တွေရွာမှာ မနေရဲကြတေ့ာဘူး၊ ဘယ်နေ့လာဖမ်းမလဲ အဲဒါကိုပဲ ကြောက်နေရတာ၊ မိန်းကလေးတွေလည်း ပြေးနေရတယ်”ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထိုဒေသရှိ ပေါ်တာဆွဲခံရသည့် ရာနှင့်ချီသည့် ဒေသခံရွာသားများသည် မိသားစုနှင့် တွေ့ခွင့်မပေးသလို ငွေကြေးတတ်နိုင်သူအချို့သာ ငွေပေးပြီး ပြန်လွှတ်ပေးခဲ့ရာ ငွေကြေး မတတ်နိုင်သူများကို ယခုအချိန်ထိ လေးကေဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ၏ ပေါ်တာဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်သောကြောင့် လက်ရှိတွင် ထိုဒေသရှိ လူငယ်လူရွယ်များသည် ဘုန်းကြီးဝတ်သွားသူများရှိသလို အချို့မှာ ထိုင်း-မြန်မာနယ်စပ်ဘက်သို့ တိမ်းရှောင်သွားသူလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၂ ရက်နေ့တုန်းကလည်း ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့သည် အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂)ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိ သေးကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။