Home ဆောင်းပါး သင်္ကြန်သစ် | ဆောင်းပါး

သင်္ကြန်သစ် | ဆောင်းပါး

1895

သင်္ကြန်သစ်

မောင်ကျော်စွာ

(၁၀ ဧပြီလ၊ ၂၀၂၂)

ဘာလဲ “သင်္ကြန်သစ် ”။
ဘာဖြစ်လို့ “သင်္ကြန်သစ်” ရသလဲ။
ရှင်းပါအံ့။

သင်္ကြန်ရဲ့ မူလ အဓိပ္ပါယ်ဟာ အဟောင်းမှ အသစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်ပါသည်။ ကျနော်တို့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဖူးသော ယခင့် ယခင် သင်္ကြန်များဟာ သမရိုးကျဆန်သော သာမန်ရိုးရာ ပွဲလမ်းသဘင်တခုမျှသာ ဖြစ်ပါ တယ်။ အဟောင်းကနေ အသစ်သို့ ကူးပြောင်းတယ်ဆိုတာမှာလည်း ”နှစ်ဟောင်း “ ကနေ နှစ်သစ်သို့။ ပြက္ခဒိန်ဟောင်း တစ်ခုကနေ ပြက္ခဒိန်သစ်တစ်ခုသို့ ပြောင်းသွားတဲ့ သမရိုးကျ အပြောင်းအလဲမျိုးသာ ဖြစ်ပါတယ်။

ယင်းသို့ လက္ခဏာချက်ရှိသော် သင်္ကြန်မျိုးကို ကျနော့်အမြင်နဲ့ ယူဆချက်အရ သမရိုးကျ သင်္ကြန် (ဝါ) သင်္ကြန်ဟောင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။

ဒါဆိုရင် “ သင်္ကြန် ” သစ် ဆိုတာက ဘယ်လိုလဲ။ သင်္ကြန်ရဲ့ မူလ အဓိပ္ပါယ် ဖြစ်တဲ့ အဟောင်းမှ အသစ်သို့ ကူးပြောင်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကို မငြင်းပယ်၊ ဆက်ခံပြီး ကျနော်တို့ မျက်မှောက်ရင်ဆိုင်နေရတဲ့ အခြေအနေများနဲ့ ပေါင်းစပ်ပြီး အနှစ်သာရအသစ်၊ အဓိပ္ပါယ်သစ်တွေနဲ့ လက်တွေ့ကျကျ ဖွင့်ဆိုချင်တာပါ။

ပထမဆုံးအချက်က ကျနော်တို့ လေးစားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ၊ ရဲဘော်တွေကို အကြမ်းဖက် (စကစ) စစ်အုပ်စုက လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ထောင်သွင်းအကျဉ်းချထား ပါတယ်။ အများစုဟာ အကြမ်းဖက် ဖမ်းဆီးမှုဘေးက လွတ်မြောက်ရာ တိမ်းရှောင်နေကြရပါတယ်။ နေအိမ်တွေ အဓမ္မ သိမ်းဆည်းခံနေရပါတယ်။

ဒါ့အပြင် မြေပြန့် ကျေးလက်ဒေသ အနှံ့အပြားမှာ အကြမ်းဖက် (စကစ) ရဲ့ ခါးပိုက်ဆောင်တပ်တွေက လူသတ်၊ မုဒိမ်းကျင့်၊ ကျေးရွာတွေ မီးတင်ရှို့နေပါတယ်။

လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးများ သုံးပြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံးဒဏ်ရာရနေရပြီး။ စစ်ဘေး ဒုက္ခသည်အမြောက်အများ ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလှုံနေကြရ ပါတယ်။

အဲဒီလို အခြေအနေတွေမှာ ကျနော်တို့ ပြည်သူတွေဟာ သင်္ကြန်ပွဲကို ယခင့် ယခင်သင်္ကြန်များနည်းတူ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ဖို့ ဖြစ်နိုင်ပါ့မလား။

အထက်မှာ တင်ပြခဲ့တဲ့ အခြေအနေတွေကို မသိဟန်ဆောင်လစ်လျူရှုပြီး ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ပျော်ရွှင်နိုင် ကြလဲဆိုတာကို အသေအချာ စဉ်းစားကြည့်ပါ။

ဒါ့အပြင် အကြမ်းဖက် (စကစ) စစ်အုပ်စုက သင်္ကြန်ကို ဝါဒဖြန့်ချိရေးအတွက်၊ အသုံးချဖို့ လုပ်ဆောင်လာပါ တယ်။
ဒါကြောင့် သင်္ကြန်ကို အကြမ်းဖက် (စကစ) စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြပွဲအဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်ပါ တယ်။

သံချပ်များ၊ ကြွေးကြော်သံများ၊ ပိုစတာများ၊ တေးသီချင်းများ၊ နံရံပန်းချီများဖြင့် ပေးအပ်လာတဲ့ မိမိမြို့ရွာ အခြေအနေအပေါ် မူတည်ပြီး အကြမ်ဖက် (စကစ) စစ်အုပ်စု ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ ပါဝင်ဆင်နွှဲကြဖို့ လိုပါတယ်။

ဘယ်ခေတ် ဘယ်ကာလ ကနဲ့မျှမတူအောင် အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြည်သူတစ်ရပ်လုံးက ခါးခါး သီးသီး ဆန့်ကျင်တော်လှန်နေကြပြီး ဖြစ်ပါတယ်။

စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာရှင် အများစုကြီးကလည်း အကြမ်းဖက် (စကစ) စစ်အုပ်စုကို အပြတ်သား ဆုံး ဆန့်ကျင်တော်လှန်နေကြပါတယ်။
သို့အတွက် အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ အနုပညာရှင်တချို့ကို သိမ်းသွင်းနေပြီး ကန္နားစီးများ၊ ဘိသိက် ဆရာများ၊ ခါးပြတ်ဆိုင်းဝိုင်း ကလေးများကိုပင် ငွေပေးစည်းရုံးနေရတဲ့ အခြေအနေဆိုက်နေပါပြီ။

မိမိတို့ရဲ့ အနုပညာ (အရေးအသား၊ အတီးအမှုတ်၊ အဆိုအက၊ သရုပ်ဆောင်မှု) ကို အကြမ်းဖက် (စကစ) စစ် အုပ်စု အကျိုးစီးပွားအတွက် အသုံးတော်ခံမလား။
သို့တည်းမဟုတ် မျက်မှောက်ကာလမှာ ပြည်သူတစ်ရပ်လုံး အုံကြွခုခံ တော်လှန်နေတဲ့ ပြည်သူ့အရေးတော်ပုံကြီးအတွက် အလုပ်အကျွေးပြုမလား ဆိုတာ အနုပညာရှင်တိုင်း လက်တွေ့ ရွေး ချယ်လျှောက်လှမ်းကြရမယ့် လမ်း ၂သွယ်ပဲ ဖြစ်ပါတယ်။

စစ်အုပ်စုအကျိုးကို အသုံးတော်ခံကြမယ့် အနုပညာရှင်၊ အနုပညာအဖွဲ့အစည်း တချို့အမှန်ပဲ ရှိနေပါတယ်။ သူတို့ဟာ စစ်အုပ်စုရဲ့ ခါးပိုက်ဆောင် အနုပညာရှင်၊ ခါးပိုက်ဆောင်အနုပညာအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

ပြည်သူ၊ ပြည်သူ့အကျိုးစီးပွားနဲ့ ပြည်သူခုခံတော်လှန်မှုဘက်ကနေ ရပ်တည်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ် အကြမ်းဖက်မူတွေကို မိမိအနုပညာနဲ့ ဝေဖန်ဖွင့်ချတိုက်ခိုက်ပြီး ပြည်သူ့လှုပ်ရှားမှု၊ ပြည်သူ့တော်လှန်မှုတွေကို မိမိအနု ပညာနဲ့ အမွှမ်းတင်ဖော်ထုတ်တဲ့ အနုပညာရှင်များ၊ အနုပညာအဖွဲ့အစည်းများကတော့ ပြည်သူကိုချစ်သော – ပြည်သူ ကချစ်သော အနုပညာရှင်များ၊ အနုပညာအဖွဲ့အစည်းများ ဖြစ်ပါတယ်။

သင်္ကြန်ဟု ဆိုလိုက်ရင် အများက ပိတောက်ပန်းကို တွဲလျက် မြင်ကြသလို၊ မန္တလေးမြို့မတူရိယာ အသင်းကြီး ရဲ့ အတီးအမှုတ်နဲ့ အဆိုကိုလည်း တစ်ဆက်တည်း သင်္ကေတတစ်ခုသဖွယ် မြင်ကြစမြဲ ဖြစ်ပါတယ်။

ပိတောက်နဲ့ မြို့မတူရိယာ အသင်းကြီးဟာ သင်္ကြန်နဲ့ ခွဲမရတဲ့ နိမိတ်ပုံတွေပဲ မဟုတ်ပါလား။ မြို့မအသင်းကြီး ကို အကြမ်းဖက် (စကစ) စစ်အုပ်စုက ငွေကြေး၊ တူရိယာပစ္စည်း တချို့ပေးပြီး ဒင်းတို့ရဲ့ အသုံးတော်ခံအဖြစ် ဝယ်ယူ ထားတဲ့ လက်တွေ့ သာဓကတွေလည်း ရှိနေပါတယ်။

ဒါကြောင့် မြို့မအသင်းကြီးအနေနဲ့ အသင်းတည်ထောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အစဉ်အလာ ဂုဏ်သိက္ခာ၊ ပြည်သူများရဲ့ ချစ်ခင်လေးစားတန်ဖိုးထားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ထားပြီး အကြမ်းဖက် (စကစ) စစ်အုပ် စုရဲ့ အသုံးတော်ခံအဖြစ် မဆောင်ရွက်ဖို့ အလေးအနက်ပန်ကြားပါရစေ။ ပြည်သူကိုချစ်သော အနုအပညာရှင်များအ ဖြစ် ရပ်တည်စေလိုပါသည်။ အကြမ်းဖက် (စကစ) စစ်အုပ်စုက ကြီးမှူးကျင်းပတဲ့ သင်္ကြန်ပွဲမှာ မပါဝင်ဖို့ တားမြစ်ပါရ စေ။

သို့အတွက် သင်္ကြန်ပွဲတော်တစ်ခုထဲသက်သက်အတွက် မဟုတ်ဘဲ ကြုံကြိုက်တိုက်ဆိုင်လို့ဖြစ်စေ၊ ရှောင်တ ခင်ဖြစ်စေ၊ ဖြစ်ပေါ်လာသမျှ အခွင့်အလမ်းနဲ့ အကြောင်းအကျိုးတိုင်းကို အမိအရ ဆုပ်ကိုင်ပြီး အကြမ်းဖက် (စကစ) စစ်အုပ်စု ဆန့်ကျင်ရေး ဆန္ဒပြပွဲအဖြစ် ပြောင်းလဲဖန်တီးကြဖို့ပါပဲ။ အရာရာကို စစ်အုပ်စု ဆန့်ကျင်တော်လှန်ရေး ရှုထောင့်ကနေ ကြည့်မြင်ပြီး လက်တွေ့ကျကျ အသုံးချဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမူတိုင်းမှာ စစ်အုပ်စုဆန့်ကျင်ရေး ဦးတည်ချက်နဲ့ တော်လှန်တဲ့ ဝိဉာဉ်၊ တော်လှန်တဲ့ နှလုံးသားထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စု အုပ်စိုးမရအောင် ဘာမဆိုလုပ်ကြဖို့ လိုအပ်သလို တစ်ပြိုင်နက်ထဲမှာလည်း တော်လှန်ရေး အောင်ပွဲခံဖို့ ဘာမဆို လုပ်ကြရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကို အကျိုးမဲ့စေပြီး၊ ထိခိုက်နစ်နာစေပြီး အကြမ်းဖက်စစ်အုပ်စုကို အကျိုးရှိစေမယ့် မည် သည့်အပြောအဆို၊ အပြုအမူတွေကိုလည်း သတိကြီးစွာထားပြီး ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။

စစ်အုပ်စုဟာ အင်မတန်ကောက်ကျစ်ပြီး၊ ယုတ်မာရက်စက်ပါတယ်။ သင်္ကြန်တွင်းမှာ အကြမ်းဖက်ဖောက်ခွဲမှု တွေ ပြုလုပ်ပြီး PDF များကို လုပ်ကြံစွပ်စွဲတာတွေလည်း လုပ်ပါလိမ့်မယ်။ သွားလာကြတဲ့ ပြည်သူများ သတိဝီရိယ ရှိကြဖို့ နှိုးဆော်ပါတယ်။

အထက်မှာ အကျယ်တဝင်းတင်ပြခဲ့တဲ့ အခြေအနေများ အောက်မှာ စစ်အုပ်စု ဆန့်ကျင်ရေးကို ဦးတည်ချက်ထားတဲ့ သင်္ကြန်ဟာ ကျနော် ဆိုလိုတဲ့၊ ကျနော် အဓိပ္ပါယ်ဖွင့်ဆိုလိုတဲ့ “သင်္ကြန်သစ်” ပဲ ဖြစ်ပါတယ်။

အဟောင်းအညစ်တွေ၊ ဆိုးသွမ်း အကြမ်းဖက်မှုတွေကို ဖယ်ရှားသုတ်သင်ပစ်မယ့် သင်္ကြန်သစ် ဖြစ်ပါတယ်။