Home သတင်း ထိခိုက်ကျဆုံးမှု များနေသည့် လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် ဆက်လာရောက် ပစ်ခတ်နေ

ထိခိုက်ကျဆုံးမှု များနေသည့် လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် ဆက်လာရောက် ပစ်ခတ်နေ

1317

ဧပြီ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယနေ့ နံနက် ၂နာရီမှ စတင်ဖြစ်ပွားနေသည့် လေးကေကော်တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် ကော်ပရာစစ်ကြောင်း၏ ပိတ်ဆို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီ ဘက်မှ အထိအခိုက် အကျအဆုံးများလာသည့်အပေါ် လေကြောင်းပစ်ကူ ခေါ်ယူ၍ ဆက်တိုက် ဝင်ရောက်ပစ်ခတ်နေကြောင်း မြေပြင် KNLA တပ်မှူးများထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းများကို KNLA ဘက်မှ ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများလာသည့်အပေါ် လေကြောင်းကင်းထောက်လေယာဉ်များ ကနဦး လာရောက်ပျံသန်းပြီးနောက် ဂျက်တိုက်လေယာဉ်နှင့် ရဟက်ယာဉ်များအသုံးပြု၍ သုံးကြိမ် ဆက်တိုက်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း KNLA စစ်ကြောင်း နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“၁၁နာရီ လောက်မှာ ဂျက်လေယာဉ်လာဝဲနေတယ်၊ မပစ်ဘူး။ နောက်တော့ ဂျက်လေယာဉ် ရဟက်ယာဉ် ပေါင်း ၃ စီးကနေ စက်သေနတ် ပစ်တယ်၊ ရော့ကက်ဗုံးသီး၊ ဒုံးသီး တွေနဲ့ ပစ်လိုက် ပြန်သွားလိုက်လာ ပြန်ပစ်လိုက် လုပ်နေတာ ၃ ကြိမ်ရှိနေပြီး “ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ လေကြောင်းပစ်ကူဖြင့် ဝင်ရောက်တိုက်ခိုက်မှုများကြောင့် လေးကေကော်မြို့သစ် ရပ်ကွက်တချို့ရှိ နေအိမ်များ ထိခိုက်ပျက်စီး မီးလောင်မှု တချို့ရှိနေကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အယောက် ၂၀ ကျော် ထိခိုက်ကျဆုံးပြီး တပ်မ (၄၄)မှ ဗိုလ်ကြီး အဆင့်တစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း မြေပြင်းသတင်း အချက်အလက်များအရ သိရသည်။

“ မြေပြင်က KNLA ပူးပေါင်း အဖွဲ့တွေကတော့ တိုက်ပွဲထဲမှာ ၂ ယောက် ကျတယ်၊ ၅ ယောက် ဒဏ်ရာ ရထားတယ်။ စစ်ကောင်စီဘက်ကတော့ ၂၀ ဝန်းကျင်လောက် သေနေပြီး။ သူတို့ တပ်စိတ်တွေ ရပ်ကွက် နဲ့ ဗျူးပွိုင့်အောက်ကုန်းဘက်မှာ ပိတ်မိနေတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်” ဟု KNLA ပူးပေါင်း တပ်ခွဲ ကော်ပရာ စစ်ကြောင်း နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်၏ လေကြောင်းပစ်ကူဖြင့် ဝင်ရောက် တိုက်ခိုက်ရာတွင် KNLA ပူးပေါင်းတပ်ဖွဲ့များရှိရာ နေရာများကို ကျရောက် ထိခိုက်ခြင်းမရှိဘဲ မယ်ထော်သလေး နှင့် မေတ္တာလင်းမြိုင်၊ ရွှေညောင်ပင်ဘက်ရှိ နယ်ခြားစောင့်တပ် (BGF)တပ် တပ်နယ်(၄) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်၏ တပ်စခန်းအပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း နှင့် BGF တပ်ဖွဲ့ဝင် အချို့ ထိခိုက်သေဆုံးမှုရှိကြောင့် KNLA ဘက်က ပြောဆိုသော်လည်း ကေအိုင်စီအနေဖြင့် သီးခြား အတည်ပြုနိုင် ခြင်းမရှိသေးပေ။

ယခုဖြစ်ပွားနေသော လေးကေကော်တိုက်ပွဲတွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့သူ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် အပါအဝင် CDM တပ်မတော်သား အချို့လည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ကူတိုက်ပေးနေသည်ဟု သိရသည်။