Home သတင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် လေးကေကော်ရှိ နိပွန်ဖောင်ဒေးရှင်း၏ စာသင်ကျောင်းဆောင်ပျက်စီး

စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် လေးကေကော်ရှိ နိပွန်ဖောင်ဒေးရှင်း၏ စာသင်ကျောင်းဆောင်ပျက်စီး

1084
Photo: CJ

ဧပြီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယမန်နေ့ ဧပြီလ ၁၀ ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆နယ်မြေ၊ လေးကေကော် မြို့သစ် ဧရိယာတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးသီးကြဲချတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းထားသည့် စာသင်ကျောင်းဆောင်နှင့် ပြည်တွင်း စစ်ရှောင်-IDPs နေရပ်ပြန် ဒေသခံနေအိမ်အများအပြား ပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ် က ပြောသည်။

” ည ၁၂ နာရီ လောက်မှာ လေယာဥ် ဂျက်ဖိုက်တာ တစ်စီးလာတယ်။ ဗုံးကြီးနှစ်လုံးကြဲချတာမှာ လေးကေကော် စာသင်ကျောင်း အဆောင်တွေ ထိကုန်တယ်၊ မနေ့ကတော့ ၁၁ နာရီ ထိုးလောက်ကတည်းကနေ ညနေ ၆ နာရီ ကျော်အထိ လေယာဥ် ဗုံးကြီး အလုံး၂၀ လောက် လာကြဲချတယ်၊ ရော့ကက်ဒုံးနဲ့ လည်းပစ်တယ်၊ အချို့ မပေါက် ကွဲတာလည်းရှိတယ်၊ မြေပြင်က ဗျူးပွိုင့်ကုန်းရယ်၊ လက်ခတ်တောင်ဘုရားကုန်း BGF စခန်းရယ်ကနေ လက်နက် ကြီး အလုံး ၁၀၀ ကျော် ပစ်ကူပစ်တယ်၊ အဲတာတွေက လေးကေကော် ၆ ရပ်ကွက် အိမ်တွေ၊ ၃ ရပ်ကွက် အိမ်တွေ၊ ၁ ရပ်ကွက် အိမ်တွေအပါအဝင်ဆိုရင် အလုံး ၃၀ ကျော်လောက် ထိကုန်တယ်၊ တချို့အိမ်တွေ မီးလောင်တာတွေ ရှိတယ်လို့ သိရတယ်၊ “ဟု ဒေသအတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ယခင်တိုက်ပွဲစဖြစ်တုန်းက ထိခိုက်ပျက်စီးမှုများအပါအဝင် လက်ရှိ လေးကေကော် လူနေရပ်ကွက် များတွင် နေအိမ် ၁၀၀ လုံးခန့် ထိခိုက်ပျက်စီးမှုရှိမည်ဟု ခန့်မှန်းရပြီး ယခုအချိန်ထိ စာရင်းအတိအကျ မကောက်ယူနိုင်သေးကြောင်းလည်း ၎င်းသတင်းအရင်းအမြစ်က ပြောသည်။

ယမန်နေ့ လေးကေကော်တွင် ဖြစ်ပွားသည့် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်း စစ်ကြောင်းတို့အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ အလောင်း ၁၂ လောင်းတွေ့ရှိပြီး လက်နက် (၉)လက် အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို ၎င်းတို့ဘက်မှ (၂)ဦး ကျဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့မှ Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

Photo: CJ

ထို့အပြင် စစ်ကြောင်းထိုးလာသော ခမရ (၂၀၇)မှ တပ်ခွဲမှူးဗိုလ်ကြီး တင်လင်းနိုင်ဆိုသူကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်ဘက်မှ လေကြောင်းတိုက်ခိုက်မှုအနေဖြင့် နံနက် (၁၀) နာရီခန့်မှ စတင်ကာ တိုက်ခိုက်ရေး လေယာဥ် (၂)စီးနှင့် (၂၂) ကြိမ် ဝဲပျံ ပစ်ခတ် ဗုံးကြဲခဲ့ကာ ၅ ကြိမ် လာရောက်ခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် လေ့ကေကော် ဒေသရှိ ပြည်သူပိုင်နေအိမ်အလုံး ( ၃၀ ) ခန့် ပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော လေးကေကော်ဒေသတိုက်ပွဲမှာ ယခု ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်အထိ ၄ လနီးပါးကြာမြင့်လာချိန်တွင် လေးကေကော် ၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေးကျေးရွာများမှ ဒေသခံ ပြည်သူ ၁၂,၀၀၀ ကျော် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး တစ်လျှောက်တွင် ယာယီနေထိုင် စစ်ဘေးရှောင် ခိုလှုံနေရဆဲဖြစ်သည်။

အဆိုပါ စစ်ရှောင်နေရသော စစ်ဘေးရှောင်များ၏ နေအိမ် ပိုင်ဆိုင်မှုများအား စစ်ကောင်စီတပ်များ ဝင်ရောက် ဖောက်ထွင်း ယူဆောင်ခံထားရသည့် အခြေအနေမှ ယခု လေယာဥ် ဗုံးကြဲမှုကြောင့် နေအိမ်များ ပျက်စီးပြိုကျသည်အထိ ဆုံးရှုံးမှုများရှိလာနေခြင်းဖြစ်ကြောင်း သိရသည်။