Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်တွင် တိုက်ပွဲဖြစ်လမ်းပိတ်သဖြင့် ထို့ကော်ကိုး-မဲ့ပလဲ့လမ်းကို ပြောင်းလဲသွားလာနေ

မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်တွင် တိုက်ပွဲဖြစ်လမ်းပိတ်သဖြင့် ထို့ကော်ကိုး-မဲ့ပလဲ့လမ်းကို ပြောင်းလဲသွားလာနေ

1058
Photo: CJ

ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီ ကော့ကရိတ် အာရှလမ်းသစ် လမ်းပိတ် တိုက်ပွဲဖြစ်၊ ကားမီးရှို့ ဖြစ်စဥ်များကြောင့် မြဝတီ ဒေသခံများ ထီလုံ-ထို့ကော်ကိုး- မဲ့ပလဲ့ တောင်ပတ်ကားလမ်းကြောင်းကို ပြောင်းလဲအသုံး ပြုသွားလာနေကြကြောင်း မြဝတီ ကားသေးလိုင်းကားသမားများပြောစကားအရ သိရသည်။

လိုင်းကားသမားတစ်ဦးက “ဒီနေ့တော့ အာရှလမ်းကားတွေ ဆက်မသွားရဲ ကြတော့ဘူး၊ တိုက်ပွဲဖြစ်နေတယ်၊ ကားသုံးလေးစီးလောက် မီးရှို့ ခံထားရတယ် ကြားတယ်။ မြဝတီကော့ကရိတ် နှစ်ဖက်စလုံးကားတွေ ပြန်ဆုတ်နေကြပြီးတော့ နေနေကြတယ်။ အခုက အာရှလမ်းက သွားရဲတဲ့ သူသွားတယ်၊ မသွားရဲတဲ့သူက ဟိုးအရင်က မှောင်ခိုလမ်းကြောင်း ကားလမ်း ဟောင်း ဖြစ်တဲ့ ဝှေ့ရှမ်း- မဲ့ပလဲ့ – ထို့ကော်ကိုး- နဘူး – ပတ – ထီလုံ – ဖားအံလမ်းကို သွားကြတယ်၊ ပရိုဘောက် တွေ ၊ ၆ ဘီးကားတွေ သွားကြတယ် ၊ ကုန်ကားကြီးတွေတော့ သိပ်မတွေ့ ဘူး ။ “ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လမ်းကြောင်းတစ်လျှောက်ရှိ နယ်ခြားစောင့်တပ် -BGF ဂိတ်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ဂိတ်နှင့် KNU-ကရင်အမျိုးသားအစည်းအရုံးဂိတ်များကငို လမ်းကြေးပေးဖြတ်သန်းသွားလာရသော်လည်း လုံခြုံရေးကို စိတ်မချရဘဲ သတိဖြင့် မောင်းနှင်ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

KNU ဒူးပလာယာခရိုင် (တပ်မဟာ ၆) အတွင်း မြဝတီ ကော့ကရိတ် အာရှလမ်းသစ် လမ်းပိုင်းအပါအဝင် ၊ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီး နှင့် ဝေါလေလမ်းပိုင်းသေ့ ဘောဘိုး၊ ကနဲလေးဒေသ နေရာစုံတွင် စစ်ကောင်စီ တပ်များနှင့်နေစဥ် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ စစ်သည်နှင့် လက်နက်ခဲယမ်းများ နေ့စဥ်အင်အားတိုး စစ်ကြောင်းများ ဆက်လက် ဝင်ရောက် လာနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်အမြစ် ပြောစကားအရ သိရသည်။

Photo: CJ