Home သတင်း ကျိတ်ကျေးရွာတွင် လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် လာရောက်ပစ်ခတ်

ကျိတ်ကျေးရွာတွင် လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် လာရောက်ပစ်ခတ်

807

ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်(ကော့ကရိတ်မြို့တောင်ပိုင်း)ရှိ ကျိတ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၃ ရက်နှင့် ယနေ့ ဧပြီ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းနှင့် ဂျက်လေယာဉ် ၁ စင်းသည် ယမန်နေ့ညနေ ၃ နာရီကျော်တွင် လာရောက်ပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက် ယနေ့နံနက် ၉နာရီဝန်းကျင်တွင်လည်း ရဟတ်ယဉ် ၂စင်းနှင့် နောက်ထပ်တစ်ကြိမ်ထပ်မံ ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရသည်။

ကျိတ်ကျေးရွာအနီး ခိုလာဖေတောင် စစ်ကောင်စီ စစ်စခန်းတွင် ယမန်နေ့ ဧပြီလ ၃ ရက်နေ့က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA က တက်ရောက် ပစ်ခတ်တိုက်ခိုက် မှုလုပ်ဆောင်သည့်အတွက် စစ်ကောင်စီဘက်မှ စစ်ကူအနေဖြင့် လေယာဉ်နှင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲဒီစခန်းအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ ညနေကတည်းက ပစ်ခတ်ကြတာ။ မနေ့ ကတော့ မနက်(၈)နာရီကျော်မှာ စခန်းသိမ်းတိုက်ပွဲပြုလုပ်ပြီး ပစ်ခတ်ကြတယ်လို့တော့ ကြားရတယ်။ ညနေပိုင်း ရောက်တော့ အဲဒီနားကို လေယာဉ်နဲ့ လာပစ်သွားတယ်။ ဒီမနက်လည်း အဲဒီစခန်းမှာ နောက်တစ်ခေါက် ပြန်ပစ်ခတ်ပြီးကြတော့ လေယာဉ်နဲ့ ဒီမနက် နောက်တစ်ကြိမ်ထပ်လာပြီး လာပစ်သွားတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေယာဉ်နှင့် လာရောက်ပစ်ခတ်မှုတွင် ထိခိုက်ပျက်စီးမှု အခြေအနေနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးသလို နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ကြောင့် အနီးအနားကျေးရွာရှိ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၂၁ရက်ရက်နေ့တုန်းကလည်း ကျိတ်ရွာရှိ စစ်ကောင်စီစခန်းကို ၎င်းတပ်ဖွဲ့ဝင်နှင့် BGFတပ်ဖွဲ့ဝင်များမှ စခန်းစွန့်ခွာသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း (၁၈)က သွားရောက်ရှင်းလင်းခဲ့သေးသည်။

ထိုစခန်းကို ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်အခြေချရန် စီစဉ်ခဲ့သော်လည်း ဒေသခံဘက်မှ လက်မခံသည့်အတွက် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ခိုလာဖေတောင် စခန်းတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်တို့ သွားရောက်အခြေချနေထိုင်ခဲ့ခြင်းဖြစ်သည်။