Home သတင်း KNU တပ်မဟာ ၆ တွင် တစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာ ပြင်းထန်

KNU တပ်မဟာ ၆ တွင် တစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာ ပြင်းထန်

1173
Photo: CJ

ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့ နယ်နှင့် ကျုံဒိုးမြို့နယ်တို့တွင် ယနေ့ ဧပြီလ ၄ ရက်နေ့တွင် တစ်ရက်အတွင်း တိုက်ပွဲ (၃)နေရာ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။

ယနေ့ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးနေရာ၊ ကော့ကရိတ်တောင်ပိုင်းရှိ တောင်ကြာအင်းကျေးရွာနှင့် ကျိတ်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကျိတ်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်လေယာဉ်နှင့် လာရောက်ပစ်ခတ်သည့်အထိလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက်က ကော့ကရိတ်အာရှလမ်းသစ်ပေါ်တွင် ဖြစ်ပွားခဲ့သော နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် ခရီးသည်တင်ကားအပါအဝင် ကား(၃)စီး မီးလောင်ကျွမ်းခဲ့ရသလို တောင်ကြာအင်းနှင့် မြောက်ကြာအင်း ကျေးရွာတွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နေ့လည် ၁၁နာရီဝန်းကျင်မှ ညနေ ၄နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

တောင်ကြာအင်းကျေးရွာတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်မှုရှိသည့်အပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အမြောက်အများ အသုံးပြုပစ်ခတ်သည့်အတွက် ဒေသခံအချို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ တောင်ကြာအင်းမှာပစ်ကြတာ မနက် ၁၁နာရီဝန်းကျင်မှာ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပါတယ်။ အပြန်အလှန်ပစ်ကြတာ အချိန် ၁ နာရီကျော်တယ်၊ ပြီးတော့ ညနေစောင်းအထိ စစ်တပ်ဘက်က ပစ်တဲ့အသံ တစ်ချက်တစ်ချက် ကြားသေးတယ်။ နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ကြားတယ်။ လူထုလည်းထိခိုက်တာရှိတယ်။ ” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထို့အပြင် ကော့ကရိတ်-ကျုံဒိုးလမ်းမကြီးဘေးရှိ ငါးတိုင်နှင့် ကိုးတိုင်ကျေးရွာကြားတွင် စစ်ကောင်စီတပ် အင်အား ၄၀၀ ဝန်းကျင်တပ်စွဲထားကာ ငါးတိုင်တောင်ပေါ်ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်ဘက်မှ အမြှောက်လက်နက်တပ်ဆင်ထားခြင်းရှိသည်ဟုလည်း ဒေသခံရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

ငါးတိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များသည် ညအချိန်ဘက်တွင် ရော်ဘာခြံထဲရှိ ဒေသခံပြည်သူနေအိမ်များကို ဝင်ရောက်ဖောက်ထွင်းခြင်း၊ ကျေးရွာအတွင်းရှိ ဒေသခံမွေးမြူထားသည့် ကြက်၊ ဝက်၊ ဘဲများဖမ်းယူ စားသုံးခြင်းများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲ များ စတင်ပြင်းထန်လာခြင်းဖြစ်ပြီး မတ်လမှစ၍ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်များသည် မြို့တောင် ပိုင်းဒေသရှိ ကျေးရွာများအနီးဝန်းကျင်ဒေသနှင့် တောင်ကြာအင်းကျေးရွာတို့တွင် လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခတ်လျက်ရှိကာ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနေအိမ် ကျည်ထိမှန်ပျက်စီးမှုရှိသလို အရပ်သားပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ စစ်ကောင်စီတပ်တပ်စွဲထားသော တောင်ကြာအင်းတံတားထိပ်၊ အထက်တန်းကျောင်းဝင်း၊ ရဲကင်းစခန်းနှင့် တံတားအနီးတပ်စွဲထားသည့် နယ်ခြားစောင့်တပ်ဂိတ်ကင်းစခန်းများကို ယနေ့ည ၇ နာရီခွဲ အချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တက်ရောက်သိမ်းယူလိုက်ပြီဟု ဒေသခံများက ပြောသည်။